စစ်ကော်မရှင်၏ လက်နက်ကြီး မိသားစု နေအိမ်ပေါ်ကျ၊ အသက် ၂ နှစ် ကလေးငယ် သေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်။ 

ကချင်ပြည်၊ ဖားကန့်မြို့ပေါ်တွင် တပ်စွဲထားသည့် စစ်ကော်မရှင် တပ်ဖွဲ့များက ရမ်းသမ်းပစ်ခတ်ခဲ့သော လက်နက်ကြီး ထိမှန်၍ နိုဝင်ဘာလ ၂၀ ရက်နေ့ ညက၊ အသက် ၂ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး သေဆုံးခဲ့ရပြီး၊ မိသားစုဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

အဆိုပါ ဖြစ်စဉ်သည် ကမ္ဘာ့ကလေးသူငယ် အခွင့်အရေးနေ့ (World Children’s Day) တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ သေဆုံးခဲ့ရသည့် ကလေးငယ်မှာ မချိုသံလွင် ဖြစ်ပြီး အသက် ၂ နှစ်အရွယ်သာ ရှိသေးသည်။ 

၎င်း၏ မိသားစုဝင် ၄ ဦးဖြစ်သည့် အသက် ၆၂ နှစ်အရွယ် ဒေါ်သိပ္ပ၊ အသက် ၄၅ နှစ်အရွယ် မဌေးဌေးမာ၊ အသက် ၃၅ နှစ်အရွယ် မပြုံးပြုံး နှင့် အသက် ၃၂ နှစ်အရွယ် ကိုထွန်းသူတို့သည်လည်း ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ပြီး လက်ရှိတွင် ဆေးကုသမှုခံယူနေရသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာလ ၂၀ ရက်နေ့ ည ၁၁ နာရီဝန်းကျင်ခန့်တွင် ဖားကန့်မြို့ရှိ ဗျူဟာကုန်းနှင့် မရှီကထောင် ရပ်ကွက်ရှိ ရခိုင်ကုန်းတို့တွင် တပ်စွဲထားသည့် စစ်ကော်မရှင်တပ်များက ဆိုင်းတောင် (ဆိပ်မူ) ကျေးရွာဘက်သို့ လက်နက်ကြီး ၁၀ လုံး ကျော်ခန့် ရမ်းသမ်းပစ်ခတ်ခဲ့ရာမှ အရပ်သားများ ထိခိုက်သေဆုံးရခြင်းဖြစ်သည်။

ဒေသခံအမျိုးသားတစ်ဦးက ညက တပ်မကုန်းကနေ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တာ ဆိုင်းတောင်မှာ မိသားစုတစ်စုနေအိမ်ပေါ်ကို ကျလို့ ကလေးငယ်တစ်ဦး သေဆုံးသွားပါတယ်။ ကျန်တဲ့မိသားစုတွေကတော့ ဒဏ်ရာရတယ်လို့ ကြားရပါတယ်။ အခုလည်း ဆေးကုသမှု ခံယူနေတယ်လို့ သိရပါတယ် ဟု ပြောသည်။

ဖားကန့်မြို့၏ လက်ရှိ စစ်ရေးအခြေအနေသည် နှစ်ဖက် လက်နက်ကိုင်တပ်များအကြား တိုက်ရိုက် ထိတွေ့ တိုက်ပွဲများ မရှိဘဲ အေးဆေးနေသည့် အခြေအနေဖြစ်သော်လည်း စစ်ရေးတင်းမာမှုများ ဆက်လက်ရှိနေသည်။ 

စစ်ကော်မရှင်တပ်ဖွဲ့များသည် အရပ်သားများ နေထိုင်သည့် ကျေးရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ရမ်းသမ်းပစ်ခတ်လေ့ရှိကြောင်း ဒေသခံများက ဆိုသည်။

ဖားကန့် မြို့ခံတစ်ဦးက စစ်ရေးကတော့ လောလောဆယ် အခြေအနေ အေးနေတယ်။ တိုက်ပွဲဖြစ်တာမရှိဘဲနဲ့ ရပ်ရွာထဲကို လက်နက်ကြီးတွေနဲ့ ပစ်ထည့်နေတာ ဟုတ်တယ် ဟု ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ဒုတိယအပတ်ကလည်း ဖားကန့်မြို့နယ်အတွင်း စစ်ကော်မရှင် စစ်ကြောင်းများ ဝင်ရောက်လာပြီးနောက် နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ ကလေးငယ်တစ်ဦးနှင့် အမျိုးသမီး ၂ ဦး အပါအဝင် အရပ်သား ၄ ဦးအထိ သေဆုံးခဲ့သည်။

အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ၏ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များအရ အာဏာသိမ်းပြီးနောက်ပိုင်းမှ ယခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့အထိ နိုင်ငံတစ်ဝှမ်းတွင် စစ်ကော်မရှင်၏ တိုက်ခိုက်မှုနှင့် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများကြောင့် အရပ်သား ၉,၀၀၀ ကျော် သေဆုံးခဲ့ရပြီး၊ အဆိုပါ စာရင်းများတွင် အသက် ၁၈ နှစ်အောက် ကလေးငယ် ၁,၂၀၀ နီးပါး ပါဝင်နေသည်ဟု ဆိုသည်။