နယ်စပ် ခြံစည်းရိုးတွင် တံတားပေါက်များ တပ်ဆင်ပေးမည့် ကမ်းလှမ်းချက် နာဂဒေသခံများ ပယ်ချ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်။ 

အိန္ဒိယအစိုးရက မြန်မာ-အိန္ဒိယ နယ်စပ်ရှိ နာဂဒေသတွင် ခြံစည်းရိုးကာရံရာတွင် သဘောတူညီချက် ရရန်အတွက်  မီတာ ၈၀၀ ခြားတိုင်း ဂိတ်ပေါက်များ ဖွင့်ပေးမည်ဟူသော ကမ်းလှမ်းချက်ကို ညီညွတ်သော တန်ရှန်းနာဂကောင်စီ (UTNC) နှင့် ဒေသခံများက ပယ်ချလိုက်သည်။ 

နယ်စပ်ခြံစည်းရိုးကာရံမှုသည် နာဂမိသားစုများကို ခွဲခြားစေပြီး၊ အဆိုပါ ဂိတ်ပေါက်များမှာလည်း လွတ်လပ်ခွင့် ကို ပိတ်ပင်မည့် ‘ချော့သိပ်မှု’ သာ ဖြစ်သည် ဟု ဒေသခံများက ပြောဆိုသည်။

အိန္ဒိယ၏ နယ်စပ်ခြံစည်းရိုး ကာရံမှုလုပ်ငန်းများသည် နယ်စပ် တစ်ဖက်တစ်ချက်ရှိ နာဂမိသားစုများကို ခွဲခြား လိုက်သကဲ့သို့ ဖြစ်သွားမည်ကို စိုးရိမ်သောကြောင့် ဒေသခံများ၏ ပြင်းပြင်းထန်ထန် ကန့်ကွက်မှုများနှင့် ရင်ဆိုင် နေရသည်။ 

အဆိုပါကန့်ကွက်မှုများကြောင့် လုပ်ငန်းခွင် ထိခိုက်မှုမရှိစေရန် အတွက်သာ အိန္ဒိယဘက်မှ ယခုကဲ့သို့ ဂိတ်ပေါက်များ ထားရှိပေးမည့် အစီအစဉ်ကို နိုဝင်ဘာလ နောက်ဆုံးအပတ်က UTNC နှင့် တွေ့ဆုံပွဲတွင် တင်ပြခဲ့ ခြင်း ဖြစ်သည်။ 

သို့သော်လည်း ဤကမ်းလှမ်းချက် အပေါ် ယုံကြည်မှု မရှိကြောင်း ဒေသခံများက ပြောသည်။

 ဒါတွေက လက်တွေ့မကျပါဘူး။ ဒါက သူတို့လုပ်ချင်တဲ့ဟာ တစ်ခုကို လုပ်ဖို့အတွက် ချော့သိပ်တဲ့ သဘောလောက်ပဲလို့ ကျနော်တို့က ယူဆပါတယ်။ သူတို့ ဖောက်ပေးသည့် တိုင် အောင် ဒီလမ်းပေါက်လေးတွေက ကျနော်တို့အတွက် လွတ်လပ်တဲ့ ကူးလူးဆက်ဆံမှု မဖြစ်နိုင်ဘူးဗျ။ ဘာလို့လဲ ဆိုတော့ ဒီအပေါက်တွေက အချိန်မရွေး ပိတ်လို့ရတယ်၊ အချိန်မရွေး သတ်မှတ်လို့ရတဲ့ အပေါက်တွေ ဖြစ်သွား မှာဗျ ဟု နန်းယွန်းဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

နယ်စပ်ခြံစည်းရိုး ကာရံပြီး တံခါးပေါက်များ ဖွင့်ပေးမည့်ကိစ္စသည် လုံခြုံရေး အကြောင်းပြချက်ဖြင့် အချိန်မရွေး ပြန်လည်ပိတ်ပစ်နိုင်သည့် အန္တရာယ်ရှိနေကြောင်း UTNC တာဝန်ရှိသူ တစ်ဦးက သုံးသပ်သည်။

အဲ့ဒီလိုခြားပြီး တံခါးပေါက် ဖွင့်ပေးမယ်ဆိုတဲ့ ကိစ္စကလည်း ပြည်သူက လက်ခံနိုင်မှာမဟုတ်ဘူး။ ဘာကြောင့် လဲဆိုရင် အစိုးရ လုံခြုံရေးအတွက် လုပ်နေတာ ဖြစ်တဲ့အတွက် အကြောင်း တစ်ခုခုကြောင့် နောက်နောင်မှာ ချန် ထားသော်ငြားလည်းပဲ ပြဿနာတွေ ဖြစ်လာရင် တံခါးပေါက် ပြန်ပိတ်သွားတာမျိုးတို့ ဖြစ်နိုင်တယ်။ ဒါကြောင့် ပြည်သူအတွက်တော့ ဘယ်လိုမှ ဒါက လွတ်လပ်မယ်လို့ မယူဆနိုင်တာ ဖြစ်တဲ့ အတွက်ကြောင့် လက်ခံမှာ မဟုတ်ဘူး။” 

အိန္ဒိယ အစိုးရသည် ယခင်က နယ်စပ်နေပြည်သူများ ဗီဇာမလိုဘဲ ၁၆ ကီလိုမီတာ အထိ ဝင်ထွက်သွားလာခွင့် ပြုထားသည့် Free Movement Regime (FMR) စနစ်ကို ရုတ်သိမ်းရန် ဆုံးဖြတ်ပြီးနောက် ယခုကဲ့သို့ ခြံစည်းရိုး ကာရံခြင်းများကို အရှိန်မြှင့်လုပ်ဆောင်လာခြင်း ဖြစ်သည်။ 

အိန္ဒိယ-မြန်မာ နယ်စပ်တစ်လျှောက် နာဂလူမျိုးများ နေထိုင်ရာ နယ်နိမိတ် စုစုပေါင်း အရှည်မှာ နာဂလန်း ပြည် နယ် တစ်ခုတည်းတွင်ပင် ၂၁၅ ကီလိုမီတာ (၁၃၄ မိုင်) ခန့် ရှိကြောင်း အိန္ဒိယအစိုးရ သတင်းရင်းမြစ်များနှင့် ဒေသန္တရအစီရင်ခံစာများက ဖော်ပြသည်။

UTNC အနေဖြင့် ဒေသခံ ပြည်သူလူထု၏ ဆန္ဒအရ ခြံစည်းရိုး ကာရံခြင်းကို လုံးဝ ရပ်တန့်ပေးရန်သာ ဆက် လက် တောင်းဆိုသွားမည်ဖြစ်ပြီး၊ အိန္ဒိယအစိုးရက ဆက်လက်တင်းမာနေပါက ကန့်ကွက်မှုများကို ပိုမိုပြင်းထန် စွာ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း နာဂဒေသခံများက ပြောသည်။