မြန်မာနိုင်ငံအတွင်း ရုရှားနိုင်ငံသားများ ပြန်ပေးဆွဲခံနေရဟု ရုရှား သံရုံးထုတ်ပြော 

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်။ 

မြန်မာနိုင်ငံအတွင်း ရုရှားနိုင်ငံသား (၃) ဦး ပြန်ပေးဆွဲခံရပြီး ငွေညှစ်တောင်းခံမှုများ ရှိနေကြောင်း ရုရှားသံရုံးကို ကိုးကား၍ သတင်းများက ဖော်ပြသည်။ 

အဆိုပါ ဖြစ်စဉ်များအတွက် မိသားစုဝင်များက သံရုံးသို့ အကူအညီ တောင်းခံလာခြင်းဖြစ်ပြီး လက်ရှိတွင် မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ပြည်တွင်းအာဏာပိုင်များထံ အကြောင်းကြားကာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ဆောင်နေသည်။

လွန်ခဲ့သည့်တစ်ပတ်ကလည်း ရုရှားဓာတ်ပုံမော်ဒယ်တစ်ဦး ပြန်ပေးဆွဲခံခဲ့ရပြီး ပြန်ပေးသမားများက အမေရိကန်ဒေါ်လာ ၁၀,၀၀၀ တောင်းခံခဲ့သည့် ဖြစ်စဉ်ရှိခဲ့သည်။ 

မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီးကလည်း ထိုင်းနိုင်ငံမှတစ်ဆင့် လူကုန်ကူးခံရကာ မြန်မာနိုင်ငံရှိ ကျားဖြန့် (ငွေလိမ်လုပ်ငန်း) များတွင် အတင်းအဓမ္မ ခိုင်းစေခံနေရသည့် ရုရှားနိုင်ငံသား အများအပြား ရှိနေနိုင်ကြောင်း သတိပေးထားသည်။ 

လွန်ခဲ့သည့် တစ်နှစ်အတွင်း၌လည်း အလားတူ ပိတ်မိနေသည့် ရုရှားနိုင်ငံသား (၆) ဦးခန့်ကို အိမ်နီးချင်းနိုင်ငံများ၏ အကူအညီဖြင့် ကယ်ထုတ်နိုင်ခဲသည်ဟု သတင်းများတွင် ဖော်ပြထားသည်။