တရုတ်နိုင်ငံက နည်းပညာ အဆင့်မြင့် ချစ်ပ် (Chip) တွေ ထုတ်နိုင်တော့မလား
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်။
တရုတ်နိုင်ငံသည် အနောက်နိုင်ငံများ၏ နည်းပညာပိတ်ဆို့မှုကို ကျော်ဖြတ်နိုင်ရန်အတွက် “မန်ဟက်တန်စီမံကိန်း” (Manhattan Project) ဟု တင်စားရလောက်သည့် လျှို့ဝှက်စီမံကိန်းတစ်ရပ်ကို အကောင်အထည်ဖော်လျက်ရှိကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြခဲ့သည်။
တရုတ်နိုင်ငံ ရှန်ကျန်း (Shenzhen) မြို့ရှိ လျှို့ဝှက်ဓာတ်ခွဲခန်းတစ်ခု၌ ၂၀၂၅ ခုနှစ် အစောပိုင်းတွင် အဆင့်မြင့် Chip များ ထုတ်လုပ်ရန် မရှိမဖြစ်လိုအပ်သော EUV (ခရမ်းအောက်ရောင်ခြည်လွန် လစ်သိုဂရပ်ဖီ) စက်ပစ္စည်း၏ ရှေ့ပြေးပုံစံတစ်ခုကို အောင်မြင်စွာ တည်ဆောက်နိုင်ခဲ့သည်။
အဆိုပါစီမံကိန်းကို နယ်သာလန်အခြေစိုက် ASML ကုမ္ပဏီမှ အနားယူသွားသော တရုတ်နွယ်ဖွား အင်ဂျင်နီယာများကို ခေါ်ယူ၍ နည်းပညာပြန်လည်ဆန်းစစ် တည်ဆောက်ခြင်း (Reverse-engineering) နည်းလမ်းဖြင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
တရုတ်အစိုးရ၏ ပံ့ပိုးမှုဖြင့် Huawei ကုမ္ပဏီက အနီးကပ်ကြီးကြပ်လျက်ရှိပြီး၊ ပါဝင်သည့် သိပ္ပံပညာရှင်များသည် တင်းကျပ်သော လုံခြုံရေးစည်းမျဉ်းများအောက်၌ လျှို့ဝှက်လုပ်ကိုင်နေကြရသည်။
လက်ရှိတွင် ရှေ့ပြေးပုံစံစက်သည် အလုပ်လုပ်နိုင်ပြီဖြစ်သော်လည်း အဆင့်မြင့် Optical Systems များ ထုတ်လုပ်ရန် စိန်ခေါ်မှုများရှိနေသေးသဖြင့် ၂၀၃၀ ပြည့်နှစ်ခန့်မှသာ အဆင့်မြင့် Chip များကို လက်တွေ့ထုတ်လုပ်နိုင်ဖွယ်ရှိကြောင်း နည်းပညာရှင်များက ခန့်မှန်းထားကြသည်။
တရုတ်၏ ရည်ရွယ်ချက်မှာ အဆင့်မြင့် နည်းပညာသုံး ထုတ်ကုန်များထုတ်လုပ်ရာတွင် အမေရိကန် အပေါ် မှီခိုရမှုကို လျော့ချရန် သို့မဟုတ် လုံးဝ အမှီအခို ကင်းရန် ကြိုးပမ်းနေမှု ဖြစ်သည်ဟု နိုင်ငံတကာ သတင်းများတွင် သုံးသပ်ထားသည်။