ကျိန္တလီတွင် စစ်ကျန်ဗုံးသီးပေါက်ကွဲ၍ ကလေးတစ်ဦးသေဆုံး၊ ဆေးကုသစရိတ် အရေးပေါ်လိုအပ်နေ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်။
ရခိုင်ပြည် တောင်ပိုင်း၊ ဂွမြို့နယ်၊ ကျိန္တလီမြို့တွင် စစ်ကျန်လက်နက် ပေါက်ကွဲမှုကြောင့် အသက် ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးကာ အခြားကလေးငယ် နှစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၀ ရက်နေ့ မွန်းလွဲပိုင်းတွင် ကျိန္တလီမြို့မှ အသက် ၁၃ နှစ်နှင့် ၁၄ နှစ်အရွယ် ကလေးငယ် သုံးဦးသည် မြို့အနီးရှိ တောင်ပေါ်သို့ သွားရောက်ကစားရာမှ စစ်ကျန်ဗုံးသီးတစ်လုံးကို ကောက်ရခဲ့ခြင်း ဖြစ်သည်။
အဆိုပါဗုံးသီးအား ကလေးငယ်များက ဆော့ကစားရင်း ထုခွဲလိုက်သည့်အချိန်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အသက် ၁၄ နှစ်အရွယ် ကလေးတစ်ဦးမှာ နေရာချင်းတင် သေဆုံးသွားခဲ့ရသည်။
ကျန်ရှိသည့် ကလေးငယ်နှစ်ဦးဖြစ်သော အသက် ၁၄ နှစ်အရွယ် မောင်အောင်သူစိုးနှင့် ၁၃ နှစ်အရွယ် မောင်နေမျိုးကျော်တို့မှာ ခန္ဓာကိုယ်တွင် ဒဏ်ရာအပြင်းအထန် ရရှိခဲ့ကြသည်ဟု ၎င်းတို့အား အကူအညီပေးနေသူများက ပြောသည်။
၎င်းတို့၏ မိသားစုများသည် ဆင်းရဲနွမ်းပါးသည့် စစ်ဘေးရှောင်များဖြစ်ကြသဖြင့် လက်ရှိတွင် ဆေးကုသ စရိတ်အတွက် များစွာအခက်အခဲ ဖြစ်ပေါ်နေကြောင်း ဂွမြို့နယ် စစ်ဘေးရှောင်ကူညီရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
“ကလေးတွေက ဒါက အသက်အန္တရာယ်ရှိမှန်း မသိဘဲ ကောက်ဆော့မိကြတာ။ အခုက မိသားစုတွေမှာ ဆေးကု ဖို့ ငွေကြေးက လုံးဝမရှိဘူး။ သူတို့က စစ်ရှောင်တွေဆိုတော့ တစ်နေ့စာ တစ်နေ့တောင် မနည်း ရုန်းကန်နေ ရတာ။ အခု ဒဏ်ရာရတဲ့ ကလေးနှစ်ယောက်အတွက်ကတော့ အရေးပေါ် အကူအညီတွေ လိုနေပါတယ်။”
ရခိုင်ပြည် အတွင်း မြို့နယ်အတော်များများကို အာရက္ခတပ်တော် (AA) က တိုက်ခိုက်သိမ်းပိုက် ထားနိုင်သော် လည်း၊ တိုက်ပွဲများအပြီး ကျန်ရှိခဲ့သည့် မပေါက်ကွဲသေးသော စစ်ကျန်လက်နက်များနှင့် မိုင်းအန္တရာယ်များမှာ ဒေသခံများအတွက် ‘အသံတိတ်လူသတ်သမား’ ကဲ့သို့ ခြိမ်းခြောက်လျက်ရှိသည်ဟု ရခိုင်ပြည်သူများက ပြောသည်။
ဂွမြို့နယ် စစ်ဘေးရှောင်ကူညီရေးအဖွဲ့မှ တာဝန်ရှိသူက “မြို့ထဲမှာ တိုက်ပွဲတွေမရှိတော့ပေမဲ့ တောတောင်တွေ ထဲမှာ ဒီလိုမျိုး ဗုံးသီးတွေ၊ မိုင်းတွေက ကျန်နေသေးတယ်။ အခုလို ကလေးတွေ သေဆုံးရတာမျိုး နောက်ထပ် မဖြစ်အောင် သက်ဆိုင်ရာ အနေနဲ့ မိုင်းရှင်းလင်းရေးတွေကို အမြန်ဆုံးလုပ်ပေးစေချင်တယ်။ နောက်ပြီး မိုင်းအသိပညာပေးတာတွေကိုလည်း ထိထိရောက်ရောက် လုပ်ပေးဖို့ လိုနေပြီ” ဟု ပြောသည်။
လက်ရှိတွင် ဂွမြို့နယ်အတွင်း စစ်ရေးတင်းမာမှုများ လျော့ပါးနေသော်လည်း စစ်ကျန်လက်နက်များကြောင့် အရပ်သား ထိခိုက်သေဆုံးမှုများ ဆက်တိုက်ရှိနေသဖြင့် ဒေသခံများအနေဖြင့် သွားလာကစားရာတွင် အထူးသတိပြုရန် လူမှုကူညီရေးအဖွဲ့များနှင့် စစ်ရှောင်အရေး ကူညီပေးနေသူများက နှိုးဆော်ထားသည်။
ဓါတ်ပုံ – ဂွမြို့နယ် စစ်ဘေးရှောင်ကူညီရေး ပူးပေါင်းအဖွဲ့