မော်လူးဗုံးကြဲမှု ကျောင်းသူ တစ်ဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇန္နဝါရီလ ၃ ရက်။ 

မော်လူးဒေသရှိ စာသင်ကျောင်းတစ်ကျောင်းကို စစ်ကော်မရှင်က ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းအိပ်ကျောင်းစား နေထိုင်သည့် Grade-12 ကျောင်းသူ တစ်ဦး သေဆုံးပြီး အခြားကျောင်းသူနှစ်ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

ဇန်နဝါရီလ ၂ ရက်နေ့၊ နံနက် အစောပိုင်း ၁ နာရီ ၁၇ မိနစ်နှင့် ၂၀ မိနစ်တို့တွင် စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ မော်လူးမြို့အနောက်ဘက်ရှိ ပဲခူးကျေးရွာ (ရွာရှည်ရွာ) စာသင်ကျောင်းသို့ စစ်ကော်မရှင်တပ်က ဗုံးနှစ်လုံး လာရောက်ကြဲချခဲ့ခြင်းဖြစ်သည်။ 

အဆိုပါကျောင်းသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကျောင်းသူ၊ ကျောင်းသားများ ကျောင်းအိပ်ကျောင်းစားဖြင့် ပညာသင်ကြားနေသည့် နေရာဖြစ်သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ အင်းတော်မြို့ခံတစ်ဦးက မြေပြင်အခြေအနေကို ယခုကဲ့သို့ ပြောပြသည်။

တံတားဦးကနေ တက်လာပြီး ကြဲတာ။ ကျောင်းက ကျောင်းအိပ်ကျောင်းစား နေကြတာ။ စာသင်‌ကျောင်းကို တည်ပစ်တာပါ။ ကျောင်းက ကျောင်းအိပ်ကျောင်းစား ဖွင့်ထားတာဖြစ်ပြီး သေတဲ့ကောင်မလေးက တောင်ဖီ လာရွာကနေ လာတက်နေတာ။ ကျန်တဲ့ ကျောင်းသူနှစ်ယောက်လည်း ဒဏ်ရာတော်တော်ပြင်းတယ်။

လေကြောင်း တိုက်ခိုက်မှုကြောင့် တောင်ဖီလာကျေးရွာမှ လာရောက် ပညာသင်ကြားနေသည့် Grade-12 ကျောင်းသူတစ်ဦး အသက်ဆုံးရှုံးခဲ့ရပြီး၊ ဒဏ်ရာရရှိသူနှစ်ဦးမှာလည်း စိုးရိမ်ရသည့်အခြေအနေတွင် ရှိနေသည်။ 

ထို့အပြင် ဗုံးပေါက်ကွဲမှုကြောင့် စာသင်ကျောင်းအဆောက်အအုံနှင့် အနီးနားရှိ နေအိမ်အချို့လည်း ထိခိုက် ပျက်စီးခဲ့ရသည်။

ထိုဒေသတွင် တိုက်ပွဲဖြစ် ပွားခြင်း သို့မဟုတ် စစ်ရေးလှုပ်ရှားမှု တစ်စုံတစ်ရာမရှိဘဲ စစ်ကော်မရှင်တပ်က အရပ်သားပစ်မှတ်ဖြစ်သည့် စာသင်ကျောင်းကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသတွင်း သတင်းရင်းမြစ်ဖြစ်သည့် Indaw Revolution-IR က ထုတ်ပြန်သည်။ 

အင်းတော်မြို့နယ်သည် ၂၀၂၅ ခုနှစ် ဧပြီလတွင် ကချင်လွတ်လပ်ရေး တပ်မတော် KIA၊ ကျောင်းသားတပ်မတော် ABSDF နှင့် ပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်းတပ်များက အလုံးစုံသိမ်းပိုက်ထားသည့် စစ်ကော်မရှင် ကင်းစင်နယ်မြေဖြစ်ပြီး၊ မော်လူးဒေသကိုမူ ၂၀၂၃ ခုနှစ်ကတည်းက တော်လှန်ရေးတပ်များက ထိန်းချုပ်ထားခြင်း ဖြစ်သည်။ 

စစ်ကော်မရှင်တပ်သည် ၎င်းတို့ လက်လွှတ်လိုက်ရသည့် နယ်မြေများရှိ စာသင်ကျောင်းများကို ပစ်မှတ်ထား တိုက်ခိုက်လေ့ရှိရာ၊ ဇန်နဝါရီလ ၁ ရက်နေ့ကလည်း ဒီပဲယင်းမြို့နယ်ရှိ စစ်ဘေးရှောင်များ ခိုလှုံနေသည့် စာသင်ကျောင်းကို ဗုံးကြဲခဲ့သဖြင့် အရပ်သား ၇ ဦး ဒဏ်ရာရရှိခဲ့သည်။ 

လက်ရှိတွင် အင်းတော်မြို့နယ်အတွင်း စစ်ကော်မရှင်တပ်၏ လေကြောင်းရန်ကို ပြည်သူများက အထူးစိုးရိမ် ထိတ်လန့်နေကြရပြီး ဘေးလွတ်ရာ ဗုံးခိုကျင်းများအတွင်း၌သာ သတိကြီးစွာ နေထိုင်နေကြရသည်ဟု ဒေသခံများက ပြောသည်။