နွားကျောင်းထွက်သည့် အမျိုးသမီးတစ်ဦး ဓါးဖြင့် ထိုးသတ်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇန္နဝါရီလ ၁၃ ရက်။ 

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်တွင် နွားကျောင်းထွက်သည့် အမျိုးသမီးတစ်ဦး၏ အလောင်းကို ဓါးဒဏ်ရာများဖြင့် ပြန်လည် တွေ့ရှိရသည်ဟု မိသားစုဝင်များနှင့် ဒေသခံများက ပြောသည်။

ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းတွင် နွားကျောင်းထွက်သွားသည့် အသက် ၄၅ နှစ်အရွယ် အမျိုးသမီး တစ်ဦး လမ်းခုလတ်၌ ဓါးဖြင့် အသတ်ခံလိုက်ရခြင်း ဖြစ်သည်ဟု ပြောသည်။ 

အသတ်ခံရသူမှာ ဒေါ်ပိုင် ဆိုသူဖြစ်ပြီး ၎င်းသည် ဇန်နဝါရီလ ၁၂ ရက်နေ့၊ နံနက် ၁၁ နာရီဝန်းကျင်ခန့်တွင် နေအိမ်မှ နွားကျောင်းရန် ထွက်ခွာသွားပြီးနောက် ပျောက်ဆုံးသွားခဲ့ခြင်း ဖြစ်သည်။ 

ညနေပိုင်းအထိ ပြန်လည်ရောက်ရှိမလာသဖြင့် မိသားစုဝင်များနှင့် ရွာသားများ ဝိုင်းဝန်းရှာဖွေခဲ့ကြရာ ည ၁၀ နာရီခန့်တွင် ရွာနှင့် တစ်မိုင်ခန့်အကွာ၌ ၎င်း၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။

ဒေါ်ပိုင်၏ နီးစပ်သူ အမျိုးသမီးတစ်ဦးက ပျောက်ဆုံးခဲ့သည့် အခြေအနေကို မနက် သူထွက်သွားပြီးတော့ နေ့လည် ၂ နာရီလောက် ဖုန်းဆက်လာသေးတယ် ပြောတယ်။ ဘာတွေ ပြောကြလဲတော့ မသိဘူးပေါ့နော်။ အဲဒါနဲ့ ခါတိုင်းဆို ညနေ ၆ နာရီလောက်ဆို ပြန်ရောက်ပြီပေါ့။ မနေ့ညက ပြန်မရောက်တော့ သူ့အိမ်လူတွေက စိတ်ပူပြီး လိုက်ရှာကြတာပေါ့။ လူအများကြီးပဲ ဝိုင်းရှာကြတာ။ ညဉ့်နက်ကျတော့မှ အလောင်းတွေ့တာ ဟု ပြောသည်။

ရုပ်အလောင်းအား ကြည့်ရှုခဲ့သည့် ဆွေမျိုးနီးစပ်သူတစ်ဦး၏ ပြောပြချက်အရ ဒေါ်ပိုင်၏ လည်ပင်းနှင့် ဝမ်းဗိုက် တို့တွင် ဓါးဖြင့် ကန့်လန့်ဖြတ်လှီးထားသည့် ဒဏ်ရာများအပြင်၊ လက်နှင့် ခြေထောက်တို့တွင်လည်း ခုခံထားသည့် ဓါးဒဏ်ရာများစွာ တွေ့ရှိခဲ့ရသည်ဟု သိရသည်။

၎င်းက ဆက်လက်၍ ဗိုက်မှာဆို ဓါးနဲ့ တစ်ချက်ပြီးတစ်ချက် ထိုးထားတာ။ ကြည့်ရတာတော့ သူလည်း တတ် နိုင်သလောက် ခုခံခဲ့ပါလိမ့်မယ်။ လုံးဝမတတ်သာလို့ အသက်ပေးလိုက်ရတာပါ။ မတော်မတရား ပြုကျင့်ထား တဲ့ လက္ခဏာတော့ မတွေ့ရပါဘူး။ မိသားစုအတွက် အမြန်ဆုံး အမှုပေါ်စေချင်ပါတယ် ဟု ပြောသည်။

ဒေါ်ပိုင်သည် နွားကျောင်းထွက်ချိန်တွင် ငွေကြေးယူဆောင်သွားခြင်း မရှိဘဲ ဖုန်းတစ်လုံးသာ ပါသွားခဲ့ပြီး သေဆုံးချိန်တွင် အဆိုပါဖုန်းမှာလည်း ပျောက်ဆုံးနေကြောင်း ဆိုသည်။ 

သေဆုံးသူ ဒေါ်ပိုင်မှာ အိမ်ထောင်မရှိသည့် လူလွတ်တစ်ဦးဖြစ်ပြီး မိဘနှစ်ဦးနှင့် တူတစ်ဦးတို့အား လုပ်ကိုင် ကျွေးမွေးနေသူလည်း ဖြစ်သည်။

ယခုဖြစ်စဉ်နှင့် ပတ်သက်၍ မိသားစုဝင်များက တရားမျှတမှု အတွက် ကရင်နီပြည်ရဲတပ်ဖွဲ့ (KSP) ထံသို့ တိုင်ကြားသွားမည်ဟု ဆိုသည်။ 

ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းတွင် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မူးယစ်ဆေးဝယ်ဖောက်ကား သူများ ပိုမိုများပြားလာခြင်းကြောင့် ဒေသခံများနှင့် စစ်ဘေးရှောင်များမှာ လုံခြုံရေးအတွက် စိုးရိမ်နေကြရ သည်။ 

ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) အနေဖြင့် နယ်မြေလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး အတွက် ယခုထက်ပို၍ ထိထိရောက်ရောက် အရေးယူဆောင်ရွက်ပေးရန် လိုအပ်နေသည်ဟု စစ်ဘေးရှောင်များ က ထောက်ပြဝေဖန်နေကြသည်။