ဂျပန်နိုင်ငံက ကမ္ဘာ့အကြီးဆုံး နျူကလီးယားစက်ရုံကို ပြန်လည်စတင်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇန္နဝါရီလ ၂၂ ရက်။ 

ဂျပန်နိုင်ငံသည် ၂၀၁၁ ခုနှစ် ဖူကူရှီးမား နျူကလီးယားမတော်တဆမှုအပြီး ပိတ်ထားခဲ့ရသည့် ကမ္ဘာ့အကြီးဆုံး နျူကလီးယားဓာတ်အားပေးစက်ရုံကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်တွင် ပြန်လည်စတင် လည်ပတ်လိုက်ပြီ ဖြစ်သည်။ 

တိုကျိုမြို့ အနောက်မြောက်ဘက်ရှိ ကာရှီဝါဇာကီ-ကာရီဝါ (Kashiwazaki-Kariwa) စက်ရုံမှ ဓာတ်ပေါင်းဖိုအမှတ် (၆) ကို စတင်မောင်းနှင်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဓာတ်ပေါင်းဖိုအမှတ် (၆) သည် လျှပ်စစ်မီဂါဝပ် ၁,၃၅၆ အထိ ထုတ်လုပ်နိုင်စွမ်းရှိပြီး ၎င်းနှင့်အမျိုးအစားတူ ဓာတ်ပေါင်းဖိုအမှတ် (၇) ကိုလည်း ၂၀၃၀ ပြည့်နှစ်တွင် ပြန်လည်ဖွင့်လှစ်နိုင်ရန် မျှော်မှန်းထားသည်။ 

ကာရှီဝါဇာကီ-ကာရီဝါ စက်ရုံတွင် ဓာတ်ပေါင်းဖို စုစုပေါင်း ၇ ခုရှိရာ အမှတ် (၁) မှ (၅) အထိမှာ မီဂါဝပ် ၁,၁၀၀ ထုတ်လုပ်နိုင်သည့် ရိုးရိုးရေဆူဓာတ်ပေါင်းဖို (BWR) များဖြစ်ပြီး၊ အမှတ် (၆) နှင့် (၇) မှာမူ ပိုမိုအဆင့်မြင့်သည့် နည်းပညာသုံး ဓာတ်ပေါင်းဖို (ABWR) များ ဖြစ်ကြသည်။

ဖူကူရှီးမားဖြစ်ရပ်ကြောင့် ဂျပန်တစ်နိုင်ငံလုံးရှိ ဓာတ်ပေါင်းဖို ၅၄ ခုစလုံးကို ပိတ်သိမ်းခဲ့သော်လည်း၊ ဘေးကင်းလုံခြုံရေး စံနှုန်းသစ်များ ချမှတ်ကာ ၂၀၂၅ ခုနှစ်အတွင်း၌ ဓာတ်ပေါင်းဖို ၁၅ ခုကို ပြန်လည်လည်ပတ်နိုင်ခဲ့သည်။ 

လက်ရှိ ဝန်ကြီးချုပ် ဆာနိုင်း တာကာအိချိသည် နျူကလီးယားစွမ်းအင် ပြန်လည်အသုံးပြုရေးကို အားပေးသူတစ်ဦးဖြစ်ပြီး၊ ဂျပန်နိုင်ငံ၏ စွမ်းအင်လိုအပ်ချက်အတွက် နျူကလီးယားစွမ်းအင်မှာ အလွန်အရေးပါသော ကဏ္ဍတွင် ဆက်လက်တည်ရှိနေသည်။