ဒေသခံ နာဂများ နယ်စပ် ခြံစည်းရိုး ခတ်ခြင်းကို ဆန့်ကျင်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇန္နဝါရီလ ၂၅ ရက်။
မြန်မာ – အိန္ဒိယ နယ်စပ်တစ်လျှောက် ခြံစည်းရိုးခတ်မည့် အိန္ဒိယအစိုးရ၏ အစီအစဉ်ကို မလိုလားသဖြင့် ဒေသခံ နာဂပြည်သူလူထုက ပိုစတာများ စိုက်ထူကာ အသံတိတ် ဆန္ဒဖော်ထုတ်ခဲ့ကြကြောင်း ညီညွတ်သော တန်ရှန်းနာဂကောင်စီ (UTNC) က ပြောသည်။
အိန္ဒိယနိုင်ငံ၊ နန်ပေါင်မြို့၌ ကျင်းပသည့် ပန်ဆောင်ပတ်စ် အပြည်ပြည်ဆိုင်ရာပွဲတော် (PPIF) ကာလအတွင်း မြန်မာနိုင်ငံဘက်ခြမ်းရှိ နာဂပြည်သူများက အဆိုပါပွဲတော်သို့ သွားရောက်ဆင်နွှဲခြင်းမပြုဘဲ ‘နယ်စပ်ခြံစည်းရိုး အလိုမရှိ’ ဟူသည့် လှုပ်ရှားမှုကို ပန်ဆောင်နယ်စပ်ဈေးတွင် ဇန်နဝါရီလ ၂၀ ရက်နှင့် ၂၁ ရက်နေ့တို့၌ ပြုလုပ်ခဲ့ ကြခြင်း ဖြစ်သည်။
UTNC ဥက္ကဋ္ဌ ဦးချစ်ယောင်းက “ကျနော်တို့ နာဂလူထု ပြည်သူလူထု တစ်ရပ်လုံးက UTNC ရဲ့ ဦးဆောင်မှုထဲမှာ အားလုံးလိုက်ပါပြီးတော့ စိတ်တူကိုယ်တူနဲ့ ဒီခြံစည်းရိုးဟာ ပြည်သူတစ်ရပ်လုံးက မလိုလားပါဘူးဆိုတဲ့ ရပ်တည် ပေးမှုကို အားလုံးက မြင်တွေ့ကြရတာဖြစ်တယ်။ တစ်ဖက်ကလည်းဘဲ ဒီလိုလှုပ်ရှားဆောင်ရွက်မှု အားဖြင့် သတင်းမီဒီယာတွေ အိန္ဒိယဘက်မှာရှိတဲ့ အစိုးရတာဝန်ရှိ လူကြီးအားလုံး မြင်တွေ့ပြီးတော့ သိရှိသွားနိုင်တာ ဖြစ်ပါတယ်” ဟု ပြောသည်။
ဆန္ဒပြပွဲတွင် ‘နယ်စပ်ခြံစည်းရိုး အလိုမရှိ’၊ ‘ဌာနေတိုင်းရင်းသားများ၏ အခွင့်အရေးကို လေးစားပါ’ နှင့် ‘ခြံစည်း ရိုးကာရံခြင်းကို ရုတ်သိမ်းပေးပါ’ ဟူသည့် အချက်သုံးချက်ကို အဓိကတောင်းဆိုခဲ့ကြသည်။
အိန္ဒိယအစိုးရဘက်မှ ဆန္ဒပြပိုစတာများကို ဖြုတ်ချခြင်းများ ရှိခဲ့သော်လည်း နာဂပြည်သူများက နည်းမျိုးစုံဖြင့် ဆက်လက် ကန့်ကွက်ခဲ့ကြရာ အဆိုပါလှုပ်ရှားမှုကြောင့် ခရီးသွားများနှင့် သတင်းမီဒီယာများအကြား စိတ်ဝင်စား မှု မြင့်တက်ခဲ့ပြီး အိန္ဒိယဗဟိုအစိုးရအထိ သတင်းရောက်ရှိသွားခဲ့သည်။
ဇန်နဝါရီလ ၂၁ ရက်နေ့တွင် UTNC ကိုယ်စားလှယ်များနှင့် အိန္ဒိယနိုင်ငံ နန်ပေါင်မြို့ Assam Rifles တပ်ခွဲမှူးတို့ တွေ့ဆုံခဲ့ရာ၌ PPIF ပွဲတော်ပြီးနောက် နှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော် သွားလာခြင်း (FMR) ကို ခေတ္တဆိုင်းငံ့ထားမည် ဖြစ်ပြီး အစိုးရချင်း ညှိနှိုင်းပြီးမှသာ ပြန်လည်ဖွင့်လှစ်ပေးမည်ဟု အိန္ဒိယဘက်က အကြောင်းပြန်ခဲ့သည်။
အိန္ဒိယအစိုးရက ခြံစည်းရိုးကာရံခြင်းကို မရုတ်သိမ်းသရွေ့ ဆက်လက်ကန့်ကွက်သွားမည်ဟု ဦးချစ်ယောင်းက ပြောသည်။
“ကျနော်တို့ကတော့ တောက်လျှောက် ငြိမ်းချမ်းစွာနဲ့ဘဲ ကျနော်တို့လူထု ဌာနေတိုင်းရင်းသားတွေရဲ့ အခွင့် အရေး ဖြစ်တယ်ဆိုတဲ့ အပေါ်မှာ ကျနော်တို့ရပ်တည်ပြီးတော့ သူတို့ မရုတ်သိမ်းပေးသရွေ့ ဒီခြံစည်းရိုး လုပ်ငန်း တွေကိုတော့ တောက်လျှောက် ကန့်ကွက်တောင်းဆို သွားမှာပဲ ဖြစ်ပါတယ်” ဟု ပြောသည်။
နယ်စပ်ခြံစည်းရိုး ကာရံခြင်းသည် နယ်စပ်တစ်ဖက်တစ်ချက်စီတွင် နေထိုင်ကြသော ဆွေမျိုးသားချင်း နာဂ မိသားစုများကြား ခွဲခြားပစ်လိုက်ခြင်း ဖြစ်သဖြင့် ဒေသခံများက ပြင်းပြင်းထန်ထန် ကန့်ကွက်နေကြခြင်း ဖြစ် သည်။
သို့သော် အိန္ဒိယဘက်ကမူ ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ၂၇ ရက်နေ့မှ စတင်ကာ နယ်စပ်မှတ်တိုင် (၁၇၃) အနီးတွင် ခြံစည်းရိုးခတ်ခြင်း လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်သည်။
အိန္ဒိယဗဟိုအစိုးရက လုံခြုံရေးအရ ဤစီမံကိန်းကို မဖြစ်မနေ လုပ်ဆောင်ရခြင်းဖြစ်ကြောင်း အကြောင်းပြထား ပြီး ညီညွတ်သော တန်ရှန်းနာဂကောင်စီ (UTNC) ၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံဘက်ကရှိ မြေပြင်အုပ်ချုပ် ရေး အဖွဲ့များကလည်း ကန့်ကွက်စာတင်ထားသည်ဟု ဆိုသည်။
ဓာတ်ပုံ – United Tangshang Naga Council