ထိုင်းနိုင်ငံတွင် တောဆင်ရိုင်းကောင်ရေ ထိန်းချုပ်ရန် ပထမဆုံးအကြိမ် သန္ဓေတားဆေး စမ်းသပ်ထိုးနှံ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇန္နဝါရီလ ၂၉ ရက်။

ထိုင်းနိုင်ငံ အရှေ့ပိုင်း သစ်တောထူထပ်သော ဒေသများတွင် တောဆင်ရိုင်းများအား သားဆက်ခြားစေရန် သန္ဓေတားဆေး စမ်းသပ်ထိုးနှံသည့် စီမံကိန်းကို စတင်လိုက်ပြီဖြစ်ကြောင်း ထိုင်းသတင်းအေဂျင်စီ (TNA) က ထုတ်ပြန်ခဲ့သည်။ 

အာရှဆင်ရိုင်းများသည် မျိုးသုဉ်းပျောက်ကွယ်မည့် အန္တရာယ်ရှိသော သတ္တဝါများအဖြစ် သတ်မှတ်ခံထားရသော်လည်း၊ အဆိုပါဒေသ၌ ဆင်ကောင်ရေ အဆမတန် များပြားလာကာ ဒေသခံပြည်သူများအား အန္တရာယ်ဖြစ်စေသည့်အတွက် ယခုကဲ့သို့ စမ်းသပ်ဆောင်ရွက်ရခြင်း ဖြစ်သည်။

အချက်အလက်များအရ ထိုင်းနိုင်ငံ အရှေ့ဘက်ပိုင်း တောတောင်များရှိ တောဆင်ရိုင်းဦးရေသည် ဆယ်စုနှစ်တစ်ခုအတွင်း ၃၃၄ ကောင်မှ ၇၉၉ ကောင်အထိ တိုးပွားလာခဲ့ရာ ပျမ်းမျှအားဖြင့် နှစ်စဉ် ၈.၂ ရာခိုင်နှုန်းနှုန်းဖြင့် မြင့်တက်လာခြင်းဖြစ်သည်။ 

ထိုသို့ ဆင်ကောင်ရေ တိုးပွားလာမှုကြောင့် တောတွင်း၌ အစာရေစာ ရှားပါးလာပြီး ဆင်များသည် အစာရှာဖွေရန် လူနေရပ်ကွက်များအတွင်းသို့ ကျူးကျော်ဝင်ရောက်လာကြသည်။ 

ထိုသို့ လူနှင့်ဆင် ပဋိပက္ခဖြစ်ပွားမှုများကြောင့် ၂၀၁၂ ခုနှစ်မှ စတင်ကာ လူပေါင်း ၁၄၁ ဦး သေဆုံးခဲ့ရပြီး ဖြစ်သည်။

ယခု စမ်းသပ်လိုက်သော သန္ဓေတားဆေးမှာ ဆင်များကို သားကြောဖြတ်ခြင်း သို့မဟုတ် ခွဲစိတ်ကုသခြင်းမျိုး မဟုတ်ဘဲ ကိုယ်ဝန်မရအောင် တားဆီးပေးသည့် ကာကွယ်ဆေးအမျိုးအစား ဖြစ်သည်။ 

အဆိုပါဆေးအား တစ်ကြိမ်ထိုးနှံထားပါက ၇ နှစ်အထိ ကိုယ်ဝန်မရအောင် တားဆီးပေးနိုင်ပြီး ဆေးအာနိသင် ကုန်ဆုံးသွားပါကလည်း ဆင်များအနေဖြင့် မူလအတိုင်း ကိုယ်ဝန် ပြန်လည်ဆောင်နိုင်မည်ဖြစ်သည်။ ထို့အပြင် ဤကာကွယ်ဆေးကြောင့် ဆင်များ၏ ကျန်းမာရေး၊ နို့တိုက်ကျွေးမှုနှင့် အုပ်စုလိုက်နေထိုင်သည့် အမူအကျင့်များအပေါ် တစ်စုံတစ်ရာ ထိခိုက်မှုမရှိဟု ဆိုသည်။ 

ပထမဆုံးအကြိမ် စမ်းသပ်မှုအဖြစ် ပြီးခဲ့သည့် တနင်္လာနေ့ညက ထရတ် (Trat) ခရိုင်ရှိ Namtok Khlong Kaeo အမျိုးသားဥယျာဉ်တွင် ဆင်မကြီး ၃ ကောင်ကို စတင်ထိုးနှံခဲ့သည်။ ဆင်များအား ဘေးအန္တရာယ်မဖြစ်စေရန် မေ့ဆေးအသုံးပြုခြင်း မရှိဘဲ လေသေနတ် (Air rifle) ဖြင့် ဆေးမြှားပစ်ကာ ထိုးနှံခဲ့ခြင်းဖြစ်သည်။

အဆိုပါ စီမံကိန်းကို အစိုးရအာဏာပိုင်များနှင့် ချင်းမိုင်တက္ကသိုလ်မှ ပညာရှင်များက ပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်ပြီး ဆေးထိုးနှံထားသော ဆင်များကို ၄၈ နာရီကြာ အနီးကပ်စောင့်ကြည့်သွားမည် ဖြစ်သည်။ 

ထို့အပြင် နောင် ၇ နှစ်တာကာလအတွင်း ဆေးအာနိသင် ထိရောက်မှုရှိမရှိ သိရှိနိုင်ရန် ၆ လတစ်ကြိမ် သွေးနှင့် မစင်များကို စစ်ဆေးသည့် ရေရှည်လေ့လာမှုများကိုလည်း ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

Photo – DNP News