မကွေး၊ တနင်္သာရီနှင့် ကရင်နီမှ စစ်ဘေးရှောင်အများအပြား အရေပြား ဝဲရောဂါ ဆိုးဝါးစွာ ခံစားနေရ 

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်။ 

မကွေး၊ တနင်္သာရီနှင့် ကရင်နီတို့တွင် ရေရှားပါးမှုနှင့် ဆေးဝါးပိတ်ဆို့မှုကြား စစ်ဘေးရှောင်ထောင်ချီ အရေပြား ယားနာ ဝေဒနာကို ဆိုးဝါးစွာ ခံစားနေရသည်ဟု မြေပြင်ကူညီပေးရေးအဖွဲ့များက ပြောသည်။

နိုင်ငံအနှံ့အပြားရှိ စစ်ဘေးရှောင်စခန်းများတွင် သန့်ရှင်းသော သောက်သုံးရေ ရှားပါးလာမှုနှင့်အတူ အရေပြား ရောဂါများ ကူးစက်ပြန့်ပွားမှု ဆိုးဝါးနေပြီး စစ်ကော်မရှင်၏ ဆေးဝါးသယ်ယူခွင့် တင်းကျပ်ပိတ်ဆို့ထားမှုများ ကြောင့် အရေးပေါ်ဆေးဝါးကူညီမှုများ လိုအပ်နေသည်ဟု အကူအညီပေးနေသူများက ပြောသည်။

အထူးသဖြင့် မကွေးတိုင်း ပေါက်မြို့နယ်တွင် စစ်ဘေးရှောင် ၁,၀၀၀ ခန့်နှင့် စလင်းမြို့နယ်တွင် ဇန်နဝါရီလ တတိယပတ်မှစ၍ တိမ်းရှောင်နေရသည့် ဒေသခံ ၈,၀၀၀ ကျော်သည် ရေရှားပါးမှုဒဏ်နှင့်အတူ အရေပြားရောဂါ ကို ဆိုးဆိုးရွားရွား ကြုံတွေ့နေရသည်။ 

ပေါက်မြို့နယ် ဇုန် (၁) နယ်မြေအတွင်းမှာ ကာလရှည်ကြာ နေရပ်စွန့်ခွာ တိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်ပြည် သူ ၁,၀၀၀ ဝန်းကျင်မှာ အရေပြားရောဂါဝေဒနာကို ဆိုးဆိုးရွားရွား ခံစားနေရသည်ဟု လူသားချင်း စာနာထောက် ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဌာန ပေါက်မြို့က ဇန်နဝါရီလ ၂၆ ရက်နေ့တွင် ထုတ်ပြန်ထား သည်။

အလားတူ တနင်္သာရီတိုင်းထဲတွင်လည်း စစ်ဘေးရှောင်များ အရေပြားယားနာရောဂါ ဖြစ်ပွားနေသည်ဟု တနင်္သာရီ – စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့က ပြောသည်။

ဒေါန တနင်္သာရီ-စစ်ဘေးရှောင်များ အထောက် အကူ ပြုရေးအဖွဲ့ မြေပြင်တာဝန်ခံ ကိုယောနသံက အဓိက တစ်ကိုယ်ရည် သန့်ရှင်းမှုအားနည်းတာ၊ သောက် သုံးရေ သုံးစွဲနေတဲ့ ရေအရင်းမြစ်မှာလည်း မသန့်ရှင်းမှု ကြောင့်လည်း ပါတယ်ပေါ့နော်။ ပြီးတော့ လုံလောက်တဲ့ ဆေးဝါးကုသမှု မရရှိတာတွေလည်း ပါတယ်။ ဒီလို မျိုး အကြောင်းအရာတွေကြောင့် အရေပြား ယာနာ ဖြစ်ပွား တယ်။ ဖြစ်ပွားလာလို့ရှိရင်လည်း စနစ်တကျ မကုသနိုင်ဘဲနဲ့ ပိုပြီးတော့ ဖြစ်ပွားမှုတွေများလာတယ် အမြစ် မပြတ်ဘဲ ဖြစ်နေတယ်ဆိုတဲ့ အနေအထားနဲ့ ကြုံရတာပေါ့နော် ဟု ပြောသည်။

ကရင်နီပြည်၊ ရှားတောမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းများတွင်လည်း ဇန်နဝါရီလအတွင်း အရေပြားရောဂါ ဖြစ်ပွားသူ ၄၀ ကျော်ရှိခဲ့ပြီး အများစုမှာ အသက် ၁၅ နှစ်အောက် ကလေးငယ်များ ဖြစ်နေသည်ဟု အရေးပေါ် ကယ်ဆယ်ရေး၊ ညှိနှိုင်းရေးအဖွဲ့ (ကရင်နီ) CTER-Karenni က ဖေဖော်ဝါရီလ ၂ ရက်နေ့က ထုတ်ပြန်ထားသည်။

CDM ဆရာဝန်များ၏ အဆိုအရ ယခုဖြစ်ပွားနေသည့် လက္ခဏာများသည် ကူးစက်မှုမြန်ဆန်လှသည့် ‘ဝဲရောဂါ (Scabies)’ ဖြစ်ပြီး ထိတွေ့ဆက်ဆံသူ အားလုံးကို တစ်ပြိုင်တည်း ကုသပေးနိုင်မှသာ ထိန်းချုပ်နိုင်မည်ဟု ဆိုသည်။

သို့သော် စစ်ကော်မရှင်၏ ‘ဖြတ်လေးဖြတ်’ မူဝါဒကြောင့် ဆေးဝါးသယ်ယူခွင့်များ ပိတ်ဆို့ခံထားရခြင်းက အဓိက အဟန့်အတား ဖြစ်နေသည်။ 

အဆိုပါ အခြေအနေနှင့် ပတ်သက်၍ ကိုယောနသံက စစ်တပ်က ဖြတ်လေးဖြတ် လုပ်ပြီးတော့ ဆေးဝါး သယ် ယူခွင့်တွေကို ပြင်းပြင်းထန်ထန်နဲ့ တင်းတင်းကျပ်ကျပ် တားမြစ်ထားတာတွေ ရှိတယ်။ လက်ရှိမှာက ကုန်ဈေး နှုန်းလည်း မြှင့်တက်နေတဲ့ အနေအထားမှာ ဆေးဝါးတွေကို ခိုးဝှက်ပြီးတော့ သယ်ရတဲ့ အနေအထား ဆိုတော့ ဆေးဝါးတွေက အဆမတန်‌ဈေးမြင့်သွားတဲ့ အနေအထားရှိတယ် ဟု ပြောသည်။

လက်ရှိတွင် ပဋိပက္ခဒေသများ၌ ပိုးသတ်ဆေးလိမ်းဆေးများနှင့် ယားယံခြင်းကို လျှော့ချပေးသည့် အရေးပေါ် ဆေးဝါးများ ပြတ်လပ်နေသည်။ 

အဆိုပါ အရေပြားရောဂါသည် တနင်္သာရီတိုင်းအတွင်း ဖြစ်ပွားနေသည်မှာ တစ်နှစ်ကျော်ရှိပြီ ဖြစ်သော်လည်း ဆေးဝါးရှားပါးမှုနှင့် တစ်ကိုယ်ရေသန့်ရှင်းရေး အခက်အခဲများကြောင့် ယနေ့တိုင် အမြစ်ပြတ်အောင် မကုသနိုင် ဘဲ ရှိနေကြောင်း အကူအညီပေးနေသူများက ပြောသည်။

ဓါတ်ပုံ – လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးန္တာရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဌာန ပေါက်မြို့/CTER-Karenni