အာဏာသိမ်း ၅ နှစ်အတွင်း စစ်အုပ်စုကြောင့် ချင်းလူမျိုး ၁,၂၀၀ နီးပါး သေဆုံးခဲ့ရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်။
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် ၅ နှစ်တာကာလအတွင်း စစ်ကော်မရှင်တပ်၏ အကြမ်းဖက် ဖြိုခွင်း မှုများနှင့် စစ်ပွဲများကြောင့် အသက်ဆုံးရှုံးခဲ့ရသည့် ချင်းလူမျိုး အယောက် ၁,၁၈၃ ဦးအထိ ရှိလာပြီ ဖြစ်ကြောင်း ချင်းရေးရာအဖွဲ့ချုပ် (ICA) က ထုတ်ပြန်လိုက်သည်။
အဆိုပါ သေဆုံးမှုများထဲတွင် အသက် ၁၀ နှစ်အောက် ကလေးငယ် ၃၃ ဦး ပါဝင်နေပြီး၊ ချင်းပြည်နယ်အတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း ၄၀၀ ကျော်အထိ ပြုလုပ်ခဲ့ခြင်းက ချင်းလူမျိုးတို့အတွက် အဆိုးရွား ဆုံးသော ဘေးအန္တရာယ်ဖြစ်ခဲ့သည်ဟု ICA ၏ ဇန်နဝါရီလ ၃၁ ရက်နေ့ ထုတ်ပြန်ချက်က ဆိုသည်။
ချင်းပြည်နယ်အတွင်း ကျူးလွန်ခံနေရသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်ပြီး CHRO အဖွဲ့၏ စီမံကိန်းမန်နေဂျာ ဆလိုင်းမာန်ဟရဲလျန်က ယခုကဲ့သို့ ရှင်းပြသည်။
“ချင်းပြည်နယ်မှာ စစ်ကော်မရှင်ဟာ ဘုရားကျောင်းတွေနဲ့ ဆေးရုံတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်နေသလို၊ အရပ်သားတွေကို လူသားဒိုင်းအဖြစ် အသုံးချပြီး သတ်ဖြတ်တာတွေကလည်း တစ်နေ့ ထက်တစ်နေ့ ပိုဆိုးလာနေပါတယ်။ ဒီလို ဗြောင်ကျကျ ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေဟာ နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေတွေကို အပြင်းထန်ဆုံး ချိုးဖောက်နေတာဖြစ်လို့ ကျနော်တို့အနေနဲ့ ကမ္ဘာက သိအောင် သက်သေအထောက်အထား ခိုင်ခိုင်မာမာနဲ့ တရားစွဲဆိုရခြင်း ဖြစ်ပါတယ်။”
ဤကဲ့သို့သော လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် တရားမျှတမှု ရှာဖွေနိုင်ရန် ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က ဦးဆောင်၍ အရှေ့တောင်အာရှနိုင်ငံတစ်ခုဖြစ်သည့် တီမောလက်စ်တေ နိုင်ငံတွင် စစ်ကော်မရှင်အား တရားစွဲဆိုထားပြီ ဖြစ်သည်။
စွဲချက်များတွင် ၂၀၂၂ ခုနှစ်က မတူပီမြို့၌ လူ ၁၀ ဦးကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့မှု၊ ခရစ်ယာန်သင်းအုပ် ဆရာများ သတ်ဖြတ်ခံရမှု၊ ဘုရားကျောင်းများနှင့် ဆေးရုံများကို လေကြောင်းမှ တိုက်ခိုက်မှု စသည့် ခိုင်မာသော သက်သေအထောက်အထားများ ပါဝင်နေသည်။
CHRO အဖွဲ့၏ စီမံကိန်းမန်နေဂျာ ဆလိုင်းမာန်ဟရဲလျန်က “တီမောနိုင်ငံက ကျနော်တို့ ချင်းလူမျိုးတွေလိုပဲ အာဏာရှင်စနစ်အောက်မှာ စစ်ရာဇဝတ်မှုတွေ ခံစားခဲ့ရတဲ့ နိုင်ငံဖြစ်ပါတယ်။ အဓိကကတော့ သူတို့နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ နိုင်ငံပြင်ပက ဒီလိုရာဇဝတ်မှုတွေကို သူတို့နိုင်ငံမှာ တရားစီရင်ခွင့်ပြုတယ်ဆိုတဲ့ လမ်းဖွင့်ပေးထားချက် ရှိနေတာကြောင့် ကျနော်တို့ တရားစွဲဆိုဖို့ ရွေးချယ်ခဲ့တာပါ” ဟု ပြောသည်။
ချင်းပြည်အတွင်း စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း ၄၀၀ ကျော် ပြုလုပ်ခဲ့သောကြောင့် အရပ်သားနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင် ၄၀၀ ဦး သေဆုံးခဲ့ရပြီး ဘုရားကျောင်း ၇၆ ကျောင်းနှင့်နေအိမ် ၂,၀၀၀ ကျော်လည်း ပြာကျခဲ့ရတယ်လို့ ICA က ဆိုသည်။
လက်ရှိတွင် ချင်းပြည်အတွင်း လူသားဒိုင်းအဖြစ် အသုံးပြုခံရမှုများနှင့် လေကြောင်းတိုက်ခိုက်မှုများ ဆက်လက် ရှိနေဆဲ ဖြစ်ကာ၊ ချင်းလူမျိုး ၁ သိန်းခွဲကျော်သည် နေရပ်စွန့်ခွာ ထွက်ပြေးနေရဆဲ ဖြစ်သည်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ အထိ ဖလမ်းမြို့နယ်အတွင်းမှာ ရွာသား အယောက် ၃၀ ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခဲ့ပြီး ပစ်သတ်ခံရသည့် ဖြစ်စဉ်များပင်ရှိခဲ့သည်ဟု ICA က ဆိုသည်။
ICA နှင့် CHRO အပါအဝင် ချင်းလူမှုအဖွဲ့အစည်းများကမူ နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် စစ်ကော်မရှင်ကို ထိရောက်စွာ အရေးယူပေးရန်နှင့် တီမောတရားရုံးကဲ့သို့သော တရားစီရင်ရေး လမ်းကြောင်းများမှတစ်ဆင့် တရားမျှတမှု ဖော်ဆောင်ပေးရန် အလေးအနက် တောင်းဆိုနေကြသည်။