သူခိုးဖမ်းတဲ့ ခြင်္သေ့ရုပ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်။
တရုတ်နှစ်သစ်ကူးပွဲတော်တွေမှာ စင်တို (Sinto) လို့ခေါ်တဲ့ ခြင်္သေ့အက ကပြဖျော်ဖြေတာကို မြင်တွေ့ရတာဟာ ပျော်စရာကောင်းတဲ့ မြင်ကွင်းတစ်ခုပါ။
ဒါပေမဲ့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ထိုင်းနိုင်ငံ ဘန်ကောက်နားက နွန်ထဘူရီခရိုင်က ဘုရားကျောင်းပွဲတစ်ခုမှာတော့ အဲဒီခြင်္သေ့ကပြမှုဟာ ပျော်ပွဲရွှင်ပွဲသက်သက်မဟုတ်ဘဲ “ရာဇဝတ်သားဖမ်းပွဲ” တစ်ခု ဖြစ်သွားခဲ့ပါတယ်။
ဘန်ကောက်ရဲတပ်ဖွဲ့ဟာ လက်သွက်လွန်းတဲ့ ဝါရင့်သူခိုးတစ်ယောက်ကို ဖမ်းဖို့ အတော်လေး ခေါင်းခဲနေခဲ့ရပါတယ်။
အသက် ၃၃ နှစ်အရွယ်ရှိတဲ့ ဒီသံသယရှိသူဟာ ဘန်ကောက်က ရဲမှူးကြီးတစ်ယောက်ရဲ့ အိမ်ကိုတောင် (၃) ကြိမ်တိုင်တိုင် ဝင်ရောက်ခိုးယူခဲ့ပြီး ဘတ် ၂ သန်း (အမေရိကန်ဒေါ်လာ ၆၄,၀၀၀ ခန့်) တန်ဖိုးရှိ ပစ္စည်းတွေကို ယူဆောင်သွားခဲ့သူပါ။
သူ့ကိုဖမ်းဖို့ ရဲတပ်ဖွဲ့က အကြိမ်ကြိမ် ကြိုးစားခဲ့ပေမဲ့ ရဲကိုမြင်တာနဲ့ ချက်ချင်းရိပ်မိပြီး သူဟာ လက်မတင်လေးတွေ ထွက်ပြေးလွတ်မြောက်သွားလေ့ရှိတာကြောင့် ရဲတပ်ဖွဲ့က အစီအစဉ်သစ်တစ်ခုကို တီထွင်လိုက်ပါတော့တယ်။
တရုတ်နှစ်သစ်ကူး အငွေ့အသက်တွေ ကျန်နေသေးတဲ့ ဘုရားကျောင်းပွဲအတွင်း ရဲတပ်ဖွဲ့ဟာ ရဲယူနီဖောင်းတွေ၊ အရပ်ဝတ်တွေကို စွန့်ခွာပြီး “ခြင်္သေ့ဝတ်စုံ” ကို ရွေးချယ်ခဲ့ပါတယ်။
ရွှေရောင်နဲ့ အနီရောင် ရောထားတဲ့ ခြင်္သေ့ဝတ်စုံအောက်မှာ ရဲအရာရှိတွေ ပုန်းအောင်းပြီး သံသယရှိသူရှိရာဆီကို ပွဲလမ်းသဘင် ကပြဖျော်ဖြေသူတွေအသွင်နဲ့ တဖြည်းဖြည်း ကခုန်ပြီး ချဉ်းကပ်သွားခဲ့ပါတယ်။
သံသယရှိသူကတော့ ဘေးမှာကခုန်နေတဲ့ ခြင်္သေ့ဟာ သူ့ကိုဖမ်းမယ့်သူတွေလို့ အိပ်မက်တောင် မက်ခဲ့ပုံ မရပါဘူး။
အခွင့်သာတဲ့အချိန်မှာတော့ ခြင်္သေ့ခေါင်းကို ကိုင်ထားတဲ့ ရဲအရာရှိဟာ ဝတ်စုံကို ခွာချပြီး သံသယရှိသူကို လျှပ်တစ်ပြက်အတွင်း မြေပြင်ပေါ် ဖိနှိပ်ဖမ်းဆီးလိုက်ပါတော့တယ်။
ရဲတပ်ဖွဲ့ဟာ သူခိုးဆီကနေ ရောင်းချလိုက်တဲ့ “ဘုရားရုပ်ပွားတော် အဆောင်” (Amulets)” တွေကို ခြေရာခံခဲ့ပါတယ်။
အဲဒီလို ခြေရာ ခံရာကနေ သံသယ ရှိသူဟာ နွန်ထဘူရီက ဘုရားကျောင်းတွေကို မကြာခဏ လာတတ်မှန်း သိခဲ့ရတာပါ။
သူဟာ ပါးနပ် လွန်းတာကြောင့် ရဲတွေက ရဲဝတ်စုံနဲ့ မဖမ်းတော့ပါဘူး။
ပွဲတော်ရဲ့ အရှိန်အဝါကို အကာအကွယ်ယူပြီး ဒီလို “ကိုယ်ဖျောက်ဗျူဟာ” ကို အသုံးပြုခဲ့ရခြင်း ဖြစ်ပါတယ်။
ဖမ်းဆီးခံရသူကတော့ သူခိုးမှုတွေကို ဝန်ခံသွားခဲ့ပြီး ခိုးယူရတဲ့ ငွေတွေကို မူးယစ်ဆေးဝါးသုံးစွဲဖို့နဲ့ လောင်းကစားလုပ်ဖို့ အသုံးပြုခဲ့တယ်လို့ ထွက်ဆိုသွားပါတယ်။