ကျေးရွာဈေးတန်း ဗုံးကြဲ တိုက်ခိုက်ခံရ၊ ကလေးနှင့် အမျိုးသမီးများ အပါအဝင် အရပ်သား ၁၇ ဦးသေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄

ရခိုင်ပြည် ပုဏ္ဏားကျွန်း မြို့နယ်အတွင်းရှိ ကျေးရွာဈေးတန်းတစ်ခုကို ဖေဖော်ဝါရီ ၂၄ ရက် မွန်းလွဲပိုင်းတွင် စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ကလေးငယ်များနှင့် အမျိုးသမီးများအပါအဝင် အရပ်သားပြည်သူ ၁၇ ဦး အစုလိုက်အပြုံလိုက် သေဆုံးမှု ဖြစ်ပွားခဲ့သည်။

ယနေ့ မွန်းလွဲ ၂ နာရီ ၇ မိနစ်အချိန်ခန့်တွင် စစ်ကော်မရှင်တပ်၏ ဂျက်ဖိုက်တာတစ်စီးက ပေါင် ၅၀၀ ဗုံး နှစ်လုံးအား ပုဏ္ဏားကျွန်းမြို့နယ်ရှိ လူစည်ကားရာ ယိုးငူကျေးရွာဈေးတန်းကို ၏ကြဲချခဲ့ခြင်းဖြစ်ကြောင်း အာရက္ခတပ်တော် (AA) က အတည်ပြု ထုတ်ပြန်ထားသည်။ 

ထိုတိုက်ခိုက်မှုကြောင့် ဈေးရောင်းဈေးဝယ်လုပ်နေသူများနှင့် စစ်ဘေးရှောင်များအကြား သေဆုံးသူ ၁၇ ဦးအပြင် နောက်ထပ် ၁၄ ဦးမှာလည်း ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြသည်။

မြေပြင်တွင် ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသည့် ဒေသခံတစ်ဦးက “ဈေးတန်းကတော့ ပျက်စီးသွားတာပဲ။ ဗုံးက ဈေးထဲကို ကျတာပေါ့နော်။ သေတဲ့သူတွေထဲမှာ ကလေးတွေနဲ့ အမျိုးသမီးတွေက အများဆုံးပဲ။ ဒဏ်ရာရတဲ့သူတွေလည်း များတယ်” ဟု ပြောသည်။

ယခု ၂၀၂၆ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်သည် ရခိုင်ပြည်အနှံ့ စစ်ရေးရှုံးနိမ့်မှုများကို တုံ့ပြန်သည့်အနေဖြင့် ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ဘူးသီးတောင်နှင့် ကျောက်ဖြူမြို့နယ် တို့ရှိ လူနေရပ်ကွက်နှင့် ကျေးရွာများကို လေကြောင်းမှ ဆက်တိုက်တိုက်ခိုက်နေခြင်းဖြစ်သည်။ 

တိုက်ပွဲမရှိသည့် နေရာများကိုပါ ပစ်မှတ်ထားလာခြင်းကြောင့် ရခိုင်ပြည်သူများမှာ လေကြောင်းအန္တရာယ်ကို အကြီးအကျယ် စိုးရိမ်ထိတ်လန့်နေကြရသည်။

ယနေ့ လေကြောင်းဗုံးကြဲမှုထဲတွင် လူနေအိမ်နှင့် ဈေးဆိုင်ခန်း အချို့လည်း မီးလောင်ပြာကျသွားခဲ့ရသည်။

ပုဏ္ဏားကျွန်းမြို့နယ်မှ ပရဟိတလုပ်ဆောင်နေသူ ကိုဝေဟင်အောင်က “သေဆုံး ဦး ရေ တိုးလာတယ်။ ၁၇ ဦးရှိသွားပြီ။ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူ ကျေးရွာကို အကြမ်းဖက် စစ် ကော်မရှင်က ၂း၀၆ နာရီခန့် လေယဥ်နဲ့ ပစ်ခတ်တဲ့အတွက် သေဆုံးသူ ၁၂ဦးနဲ့ ဒဏ်ရာရသူ ၂၀ဦးထက်မနည်း ရှိဟု ကနဦးသိရ” ဟု ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရုပ်သံဖိုင်နှင့်အတူ တင်ထားသည်။ 

ယခုဖြစ်ရပ်သည် အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် နယ်မြေအတွင်း လတ်တလောကာလ၌ လူအသေအပျောက် အများဆုံး ဖြစ်ရပ်တစ်ခု ဖြစ်လာခဲ့သည်။ 

စစ်ကော်မရှင်တပ်သည် ယမန်နေ့ညပိုင်းကလည်း စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်ကို လေကြောင်းမှ ဗုံးကြဲခဲ့သဖြင့် ကလေးငယ်တစ်ဦးအပါအဝင် ၁၀ ဦး သေဆုံးခဲ့သေးသည်။ 

အာရက္ခတပ်တော်က အုပ်ချုပ်ရေးယန္တရား ဖော်ဆောင်နေသည့် ဒေသများကို စစ်ကော်မရှင်တပ်က ပစ်မှတ်ထား ကာ လေကြောင်းဖြင့် ဆက်တိုက် တိုက်ခိုက်နေသဖြင့် အရပ်သားသေဆုံးမှုမှာ တစ်နေ့ထက်တစ်နေ့ မြင့်တက် လျက်ရှိသည်။