ကနေဒါကအိန္ဒိယကို နျူကလီးယား စွမ်းအင်အတွက် ယူရေနီယံကို ၁၀ နှစ်ကြာ ထောက်ပံ့မည်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မတ်လ ၃ ရက်။
အိန္ဒိယနဲ့ ကနေဒါနိုင်ငံတို့အကြား နှစ်ရှည်လများ တင်းမာနေသည့် ဆက်ဆံရေးကို ပြန်လည်ကုစားပြီး “သမိုင်းဝင် နျူကလီးယားစွမ်းအင်ဆိုင်ရာ သဘောတူညီချက်” အပါအဝင် ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်ရန် မတ်လ ၂ ရက်နေ့တွင် လက်မှတ်ရေးထိုးလိုက်သည်။
ကနေဒါဝန်ကြီးချုပ် မာ့ခ် ကာနေး (Mark Carney) နှင့် အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာ မိုဒီ (Narendra Modi) တို့ နယူးဒေလီမြို့တွင် တွေ့ဆုံခဲ့ကြခြင်း ဖြစ်သည်။
အိန္ဒိယကို ၁၀ နှစ်ကြာ ယူရေနီယံ (Uranium) ထောက်ပံ့ပေးမည့် သမိုင်းဝင် သဘောတူညီချက်ကို ရရှိခဲ့ကြသည်။ ထို့အပြင် အဆင့်မြင့် နျူကလီးယား ဓာတ်ပေါင်းဖို နည်းပညာများတွင် လည်း ပူးပေါင်းလုပ်ဆောင်သွားရန် သဘောတူထားကြသည်။
ယခင် ကနေဒါ ဝန်ကြီးချုပ် ဂျပ်စတင် ထရူးဒိုး လက်ထက်က ဆစ်ခ်ခွဲထွက်ရေးခေါင်းဆောင် လုပ်ကြံခံရမှုနှင့် ပတ်သက်ပြီး ဖြစ်ပွားခဲ့သည့် သံတမန်ရေး တင်းမာမှုများကို အဆုံးသတ်ရန် ကြိုးစားခဲ့ကြခြင်းလည်း ဖြစ်သည်။
ထို့အပြင် ၂၀၂၆ ခုနှစ် အကုန်တွင် လွတ်လပ်သော ကုန်သွယ်မှု သဘောတူညီချက် (Free Trade Deal) ကို အပြီးသတ်ရန် ရည်မှန်းထားသည်။
ကနေဒါ အိန္ဒိယ ဆက်ဆံရေးသည် အမေရိကန် သမ္မတ ထရမ့်ရဲ့ အခွန်တိုးမြှင့်မှု (Tariffs) များ ကြောင့် ဖြစ်လာမည့် စီးပွားရေး ရိုက်ခတ်မှုများကို လျှော့ချရန် နှစ်နိုင်ငံလုံးက ကြိုးစားခြင်းလည်း ဖြစ်သည်။
AI (ဉာဏ်ရည်တု)၊ စက်မှုနည်းပညာ၊ အာကာသ၊ ကာကွယ်ရေးနှင့် ပညာရေး ကဏ္ဍများတွင်လည်း ပူးပေါင်းဆောင်ရွက်သွားရန် သဘောတူခဲ့ကြသည်။
ကနေဒါနှင့် အိန္ဒိယနှစ်နိုင်ငံစလုံးမှာ အမေရိကန်၏ ကုန်သွယ်ရေးဖိအားများကို ခံနေရသောကြောင့် အချင်းချင်း မဟာမိတ်ပြန်လုပ်ပြီး “အမေရိကန်အပေါ် အားကိုးရမှု လျှော့ချရန်” ကြိုးစားလာခြင်းလည်း ဖြစ်သည်။