ဟော်မုဇ် ရေလက်ကြား ပိတ်ဆို့မှုကြောင့် ကမ္ဘာ့ ကုန်စည်စီးဆင်းမှု ထိခိုက်၊ လောင်စာဆီနှင့် ကုန်ပစ္စည်းများ ဈေးတက်နိုင် 

သတင်းနှင့် မီဒီယာ ကွန်ရက်။ 
၂၀၂၆ ခုနှစ်၊ မတ်လ ၃ ရက်။ 

ပင်လယ်ကွေ့ စစ်ပွဲကြောင့် အီရန် အနီးမှာ ရှိတဲ့ ဟော်မုဇ် ရေလက်ကြားဟာ မနေ့က မတ်လ ၂ ရက်နေ့နှောင်းပိုင်းက စလို့ အသွားအလာ မရှိအောင် ပိတ်သွားပါတယ်။ 

ဟော်မုဇ် ရေလက်ကြားဟာ ကမ္ဘာ့စွမ်းအင်စျေးကွက်အတွက် အသက်သွေးကြောဖြစ်ပြီး ကမ္ဘာ့ပင်လယ်ရေကြောင်းမှတစ်ဆင့် တင်ပို့တဲ့ ရေနံ စုစုပေါင်းရဲ့ ၂၀ ရာခိုင်နှုန်း ဟာ ဒီလမ်းကြောင်းကနေ ဖြတ်သန်းတာ ဖြစ်ပါတယ်။

ဒါ့အပြင် ဒူဘိုင်းမြို့မှာရှိတဲ့  Jebel Ali ဆိပ်ကမ်း (ကမ္ဘာ့ ၁၀ ခုမြောက် အကြီးဆုံး ကွန်တိန်နာဆိပ်ကမ်း) ကို သွားရာလမ်းကြောင်းဖြစ်လို့ ဒေသတွင်းနိုင်ငံပေါင်း ၁၀ ကျော်ရဲ့ ကုန်စည်စီးဆင်းမှုအတွက် မရှိမဖြစ် အရေးပါပါတယ်။

၁၉၈၀-၁၉၈၈ အီရန်-အီရတ် စစ်ပွဲအတွင်းမှာတောင် ဒီရေလက်ကြားကို ကုန်သွယ်ရေးအတွက် ဖွင့်လှစ်ထားနိုင်ခဲ့ပေမဲ့၊ အခု စနေနေ့က စတင်တဲ့ တိုက်ခိုက်မှုတွေနောက်ပိုင်းမှာတော့ သမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် ကုန်စည်စီးဆင်းမှုတွေ လုံးဝရပ်တန့် (Freeze) သွားခဲ့ပါတယ်။

ကမ္ဘာ့အကြီးဆုံး သင်္ဘောလိုင်းကြီးများဖြစ်တဲ့ MSC, Maersk, CMA CGM, Hapaq Lloyd နဲ့ တရုတ်နိုင်ငံပိုင် Cosco တို့ဟာ သူတို့ရဲ့ သင်္ဘောတွေကို ဘေးကင်းရာမှာ ခိုလှုံနေဖို့ အမိန့်ပေးထားပါတယ်။

အရှေ့အလယ်ပိုင်းကနေ ထွက်တဲ့ ရေနံ၊ သဘာဝဓာတ်ငွေ့၊ မြေဩဇာ၊ ပလတ်စတစ်နဲ့ ကမ္ဘာ့အလူမီနီယမ် ထုတ်လုပ်မှု ၉ ရာခိုင်နှုန်း တို့ ထိခိုက်နေပါတယ်။

ပြန်လည်တင်သွင်းမှုအပိုင်းမှာ ဂျာမနီရဲ့ ကားနဲ့ စက်ယန္တရားများ၊ ပြင်သစ်ရဲ့ စိုက်ပျိုးရေးထုတ်ကုန်နဲ့ ဆေးဝါးများ၊ အီတလီရဲ့ စကျင်ကျောက်နဲ့ ကြွေထည်ပစ္စည်း တင်ပို့မှုတွေ ရပ်ဆိုင်းကုန်ပါတယ်။

အွန်လိုင်းစျေးဝယ်ပလက်ဖောင်းတွေ ဖြစ်တဲ့ Amazon, Temu နဲ့ Shein တို့က ကုန်ပစ္စည်းပို့ဆောင်မှုတွေ ရက်ပေါင်းများစွာ ကြန့်ကြာနိုင်ကြောင်း ဝယ်ယူသူတွေကို သတိပေးထားပါတယ်။

သင်္ဘောတွေဟာ အန္တရာယ်ရှိတဲ့ ပင်လယ်နီလမ်းကြောင်းကို ရှောင်ကွင်းပြီး အာဖရိကတိုက် တောင်ဘက် ဂွတ်ဟုတ် အငူ (Cape of Good Hope) ကနေ ပတ်သွားနေရလို့ ခရီးစဉ် ၁၀ ရက်ခန့် ပိုကြာမြင့်ကာ သယ်ယူစရိတ် ၃၀ ရာခိုင်နှုန်းခန့် ပိုမိုမြင့်တက် လာနေပါတယ်။