ကိုးကန့်တပ် (MNDAA) နှင့် တအာင်းတပ် (TNLA)တို့ကြား ဒုတိယမြောက်နေ့ တိုက်ပွဲ ဆက်ဖြစ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မတ်လ ၁၅ ရက်။
ရှမ်းပြည် မြောက်ပိုင်း၊ ကွတ်ခိုင်နှင့် နမ့်ခမ်းဒေသတို့တွင် ညီနောင်မဟာမိတ် တပ်ဖွဲ့ဝင်များ ဖြစ်ကြသည့် ကိုးကန့် တပ် (MNDAA) နှင့် တအာင်းတပ် (TNLA) တို့အကြား နယ်မြေအငြင်းပွားမှုမှစတင်ကာ ဒုတိယ မြောက်နေ့ အဖြစ် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေကြောင်း ဒေသခံများက ပြောသည်။
ယနေ့ မတ်လ ၁၅ ရက်နေ့ နံနက် ၆ နာရီကျော်အချိန်မှ စတင်၍ နမ့်ဖတ်ကာနှင့် နမ့်ခမ်းမြို့အကြားရှိ လားရှိုး -နမ့်ခမ်း – ပန်ဆိုင်း လမ်းကြောင်းပေါ်မှ အရေးပါသော ၁၂ မိုင် TNLA စစ်ဆေးရေးဂိတ်ကို MNDAA က ဒရုန်းများ အသုံးပြု၍ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ၁၂ မိုင်ဂိတ်သည် ဒေသတွင်း ကုန်သွယ်ရေးနှင့် သွားလာရေးအတွက် အချက်အချာကျသော နေရာတစ်ခု ဖြစ်ပြီး ယခင်က နှစ်ဖက်တပ်များ ပူးတွဲလှုပ်ရှားခဲ့ဖူးသည့် ရှုပ်ထွေးသောနယ်မြေလည်း ဖြစ်သည်။
တိုက်ပွဲအခြေအနေနှင့် ပတ်သက်၍ နမ့်ခမ်းဒေသခံ အမျိုးသားတစ်ဦးက “ဒီနေ့ ဒုတိယနေ့မှာတော့ နမ့်ဖတ်ကာနဲ့ နမ့်ခမ်းကြားထဲမှာရှိတဲ့ ၁၂ မိုင်က TNLA ရဲ့ တပ်စခန်းတစ်ခုကို MNDAA က ဒီမနက် ၆ နာရီကျော်လောက်မှာ ဒရုန်းတွေနဲ့ လာရောက်ပစ်ခတ်တာတွေ တွေ့ရပါတယ်။ အဲဒါကြောင့် အခုအချိန်ထိ နမ့်ခမ်းမြို့ပေါ်ကနေဆို အသံတွေ တဝုန်းဝုန်း ကြားနေရတာ။ လက်ရှိအချိန်ထိ အသံတွေ ထွက်နေတုန်းပဲ” ဟု ပြောသည်။
ယမန်နေ့ မတ်လ ၁၄ ရက် နံနက်ပိုင်းမှ စတင်ကာ ကွတ်ခိုင်မြို့ အပါအဝင် မူဆယ် ၁၀၅ မိုင်၊ နမ့်ဖတ်ကာနှင့် မုံစီး စသည့် နေရာ ၅ ခုထက်မနည်းရှိ TNLA တပ်စခန်းများကို MNDAA ဘက်မှ တစ်ပြိုင်နက်တည်း ထိုးစစ်ဆင်ခဲ့ ခြင်းဖြစ်ပြီး၊ ယနေ့တွင်လည်း ကွတ်ခိုင်မြို့ပေါ်ရှိ ဗျူဟာကုန်းကို သိမ်းပိုက်နိုင်ရန် MNDAA ဘက်မှ စစ်ကြောင်း များခွဲ၍ ဖိအားပေး တိုက်ခိုက်နေကြောင်း ဒေသခံများက ပြောသည်။
တိုက်ပွဲများကြောင့် ဒေသခံများမှာ အိုးအိမ်စွန့်ခွာ တိမ်းရှောင်ခြင်း မရှိသေးသော်လည်း နေ့စဉ်ပုံမှန်လုပ်ငန်းများ ရပ်နားထားရပြီး ဗုံးခိုကျင်းများအတွင်း ပုန်းအောင်းနေကြရသည်။
ဒေသခံပြည်သူတစ်ဦးက “ပြည်သူလူထု တစ်ယောက်အနေနဲ့ကတော့ တိုက်ပွဲတွေ ဆက်မဖြစ်စေချင်တော့ဘူး။ ဘာလို့လဲဆိုတော့ သိတဲ့အတိုင်းပဲ ရှမ်းမြောက်မှာက တစ်ချိန်လုံး တိုက်ပွဲဒဏ်ကို အလူးအလဲ ခံခဲ့ရပြီးပြီ။ အဖက်ဖက်ကနေ နစ်နာမှုတွေ အများကြီး ရှိခဲ့တယ်။ ကျနော်တို့က ဖြစ်နိုင်ရင်တော့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ပဲ ပြီးသွားစေချင်တယ်” ဟု ပြောသည်။
ပဋိပက္ခ၏ အစပြုမှုနှင့် ပတ်သက်၍ ကိုးကန့်တပ် MNDAA နှင့် တအာင်းတပ် TNLA တို့ နှစ်ဖက်ကြား အပြန်အလှန် စွပ်စွဲချက်များလည်း ရှိနေသည်။
MNDAA ဘက်က ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ကွတ်ခိုင်ရှိ ၎င်းတို့ရုံးများကို TNLA ဘက်မှ ဝင်ရောက် စီးနင်းခဲ့မှုအပေါ် အကြောင်းကြားစာ (၅) ကြိမ် ပေးပို့ခဲ့သော်လည်း လျစ်လျူရှုခံခဲ့ရကြောင်းနှင့် မတ်လ ၁၄ ရက်တွင် TNLA ဘက်က စတင်တိုက်ခိုက်ခဲ့သဖြင့် ယခုဖြစ်စဉ်များ ပေါ်ပေါက်လာခြင်းဖြစ်သည်ဟု ထုတ်ပြန် ထားသည်။
သို့သော် TNLA ဘက်ကမူ MNDAA သည် ၎င်းတို့၏ တပ်ဖွဲ့ဝင် ၁၁၀ ကျော်ကို ဖမ်းဆီးထားကြောင်းနှင့် ပြဿနာ ကို ငြိမ်းချမ်းစွာ ဖြေရှင်းလိုသော်လည်း MNDAA ဘက်က ရည်ရွယ်ချက်ရှိရှိ စစ်ရေးအရ ဖိအားပေး တိုက်ခိုက်နေခြင်းဖြစ်သည်ဟု တုံ့ပြန်ထားသည်။
ထိုဖြစ်စဉ်နှင့် ပတ်သက်၍ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) ကလည်း လက်နက်ကိုင် တိုက်ပွဲများကို ချက်ချင်းရပ်တန့်ရန်နှင့် နိုင်ငံရေးအရ ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေးရန် ယနေ့တွင် ထုတ်ပြန် တောင်းဆိုထားသည်။
လက်ရှိတွင် ရှမ်းမြောက်ဒေသရှိ တော်လှန်ရေး အင်အားစုများအကြား ဖြစ်ပွားနေသောတိုက်ပွဲများမှာ ပိုမို ကျယ်ပြန့်လာမည်ကို စစ်ရေးလေ့လာသူများနှင့် ဒေသခံများက အထူးစိုးရိမ်လျက်ရှိကြသည်။