တောင်ကြီး အုပ်ချုပ်ရေးမှူးများ အပြောင်းအလဲ လုပ်မည်ဟု သတင်းများ ထွက်ပေါ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မတ်လ ၁၇ ရက်။
ရှမ်းပြည်နယ်၏ မြို့တော်၊ တောင်ကြီးတွင် စစ်မှုထမ်းကြေး လာဘ်စားမှုများကြောင့် သင်္ကြန်အပြီး အုပ်ချုပ်ရေး မှူးများ အပြောင်းအလဲလုပ်မည်ဟု ဌာနဆိုင်ရာများအတွင်း သတင်းများထွက်ပေါ်နေသည်။
တောင်ကြီးမြို့ပေါ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူး အများစုသည် စစ်မှုထမ်းခေါ်ယူရေး လုပ်ငန်းစဉ်များတွင် သိန်းထောင်ချီ၍ လာဘ်ပေးလာဘ်ယူမှုများ ပြုလုပ်ခဲ့သည်ဟူသော စွပ်စွဲချက်များကြောင့် သင်္ကြန်အပြီး၌ တာဝန်မှ အစုလိုက်အပြုံလိုက် ဖယ်ရှားခြင်းနှင့် အပြောင်းအလဲ ပြုလုပ်ခြင်းများကို ခံရတော့မည်ဟု သတင်းများ ထွက်ပေါ်နေကြောင်း ဌာနဆိုင်ရာ သတင်းရင်းမြစ်များက ပြောသည်။
စစ်ကော်မရှင်လက်အောက်ခံ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ထွေအုပ်) က စီစဉ်နေသည့် အဆိုပါ အပြောင်း အလဲတွင် တောင်ကြီးမြို့ပေါ်ရှိ ရပ်ကွက် ၂၂ ခုအနက် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) က ထိန်းချုပ်ထားသည့် ဘုရားဖြူ၊ ညောင်ဖြူစခန်းနှင့် ကံကြီးရပ်ကွက် ၃ ခုမှအပ ကျန်ရှိသည့် ၁၉ ရပ်ကွက်စလုံး ပါဝင်မည်ဟု အထွေထွေ အုပ်ချုပ်ရေးရုံးနှင့် နီးစပ်သူ တစ်ဦးက ဆိုသည်။
ယခုဖြစ်စဉ်သည် အုပ်ချုပ်ရေးမှူးများက စစ်မှုထမ်းရန် အကျုံးဝင်သူများထံမှ ကင်းလွတ်ခွင့်ရရှိရေးအတွက် ငွေကြေးအဆမတန် တောင်းခံခဲ့မှုအပေါ် ဒေသခံများ၏ တိုင်ကြားမှုများကြောင့်ဟု ဆိုသည်။
ထွေအုပ်နှင့် နီးစပ်သူတစ်ဦးက “အစကတည်းက ဝိုင်းတိုင်ထားကြတာပဲ။ အုပ်ကြီးတွေကလည်း အရမ်း ယုံကြည်မှု ရှိတာလား ဘာလားတော့ မသိဘူး။ အရင်ကတည်းက နင်တို့ မကျေနပ်ရင် တိုင်ကြဆိုတော့ အဲ့လို တွေ ပေါ့လေ။ တကယ် တတ်နိုင်တဲ့သူတွေကျတော့ အောက်ကျမခံဘူးလေ။ ဘယ်လောက်ကုန်ကုန် အဆုံးထိ သွားမှာဆိုတော့ ဒီလို ဖြစ်သွားတာ” ဟု လက်ရှိအခြေအနေကို ရှင်းပြသည်။
အုပ်ချုပ်ရေးယန္တရားအတွင်း အကျင့်ပျက်ခြစားမှုများကြောင့် ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းကပင် အချို့ ရပ်ကွက်များ၌ အုပ်ချုပ်ရေးမှူးနှင့် စာရေးမများကို နေရာလွှဲပြောင်းမှုများ စတင်ပြုလုပ်ခဲ့သေးသည်ဟု ဆိုကြသည်။
အုပ်ချုပ်ရေးပိုင်းနှင့် နီးစပ်သူနောက်တစ်ဦးက “ကျောင်းကြီးစုအုပ်ကြီးက ရတနာသီရိကို သွားရတာမျိုးပေါ့။ ဒါပေမဲ့ ရတနာသီရိအုပ်ကြီးက ဒီကို ပြန်လာရတာမဟုတ်ဘဲ ကျဘမ်းသွားနေရတာ” ဟု ပြောသည်။
အထူးသဖြင့် ကျောင်းကြီးစု၊ ပြည်တော်သာနှင့် မင်္ဂလာဦးရပ်ကွက်များသည် ၂၀၂၅ ခုနှစ်အတွက် မြို့နယ် စစ်မှုထမ်း ခေါ်ယူရေးအဖွဲ့သို့ ပေးသွင်းရန်ကျန်ရှိနေသည့် စရိတ်များအတွက် ဖိအားပေးခံနေရသည်။
အဆိုပါ ငွေကြေးများကို အချိန်မီပေးသွင်းနိုင်ရန် ရပ်ကွက်အတွင်းရှိ ပြည်သူများထံမှ စစ်မှုထမ်းစရိတ် ထပ်မံ တိုးမြှင့်ကောက်ခံသွားရန် ကြေညာထားသဖြင့် ဒေသခံများကြား ဝေဖန်မှုများ မြင့်တက်လျက်ရှိသည်။
တောင်ကြီးမြို့နှင့် ထိစပ်နေသည့် ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသတွင်လည်း အလားတူ စစ်မှုထမ်းစရိတ် လာဘ်ယူမှုများ ရှိနေသော်လည်း ယခုအချိန်ထိ ထိရောက်သော အရေးယူမှုများ မရှိသေးကြောင်း ဒေသခံများက ပြောသည်။
လက်ရှိတွင် တောင်ကြီးမြို့၌ အမျိုးသားများ သာမက အမျိုးသမီးများပါ စစ်မှုထမ်းရန် စာရင်းကောက်ခံမှုများ စတင်နေပြီဖြစ်ပြီး သင်္ကြန်အပြီးတွင် အပြီးသတ် စာရင်းပေးသွင်းရန် ညွှန်ကြားထားခြင်းကြောင့် မြို့ခံ အမျိုးသမီးငယ်များနှင့် မိဘအုပ်ထိန်းသူများက စိုးရိမ်ပူပန်နေကြသည်။