အနုတင် ချန်ဗီရာကူးလ် ထိုင်းဝန်ကြီးချုပ်အဖြစ် ရွေးကောက်ခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်၊
၂၀၂၆ ခုနှစ်၊ မတ်လ ၁၉ ရက်။
ဘွမ်ဂျိုင်ထိုင်းပါတီခေါင်းဆောင် အနုတင် ချန်ဗီရာကူးလ် (Anutin Charnvirakul) သည် ထိုင်းနိုင်ငံ၏ ယာယီ ဝန်ကြီးချုပ် အဖြစ်မှ ၃၂ ဦးမြောက် တရားဝန် ဝန်ကြီးချုပ်အဖြစ် ရွေးကောက်ခံရသည်။
ဘွမ်ဂျိုင်ထိုင်း (Bhumjaithai) ပါတီခေါင်းဆောင် အနုတင် ချန်ဗီရာကူးလ် သည် ၂၀၂၆ ခုနှစ်၊ မတ်လ ၁၉ ရက်နေ့တွင် ကျင်းပသည့် အောက်လွှတ်တော် အထူးအစည်းအဝေးတွင် ထောက်ခံမဲ ၂၉၃ မဲ ရရှိခဲ့ပြီး ထိုင်းနိုင်ငံ၏ ၃၂ ဦးမြောက် ဝန်ကြီးချုပ်အဖြစ် ရွေးကောက်တင်မြှောက်ခြင်း ခံခဲ့ရခြင်းဖြစ်သည်ဟု The Nation သတင်းစာက ဖော်ပြသည်။
ဤသည်မှာ ၎င်းအတွက် ဒုတိယအကြိမ်မြောက် ဝန်ကြီးချုပ်သက်တမ်း စတင်ခြင်းလည်း ဖြစ်သည်။
ဝန်ကြီးချုပ်ရွေးချယ်ပွဲကို ယနေ့နံနက် ၁၀ နာရီတွင် အောက်လွှတ်တော်ဥက္ကဋ္ဌ ဆိုဖွန် ဆာရမ် (Sophon Saram) က ၂၇ ကြိမ်မြောက် အောက်လွှတ်တော်၏ အထူးအစည်းအဝေးအဖြစ် ခေါ်ယူကျင်းပခဲ့ခြင်း ဖြစ်သည်။
အဆိုပါ အစည်းအဝေးကို ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၅၉ အရ ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ရန် သင့်လျော်သူအား အတည်ပြုရန် အရေးကြီးကိစ္စရပ်အနေဖြင့် ကျင်းပခဲ့ခြင်းဖြစ်သည်။
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ကျင်းပခဲ့သော အထွေထွေရွေးကောက်ပွဲအပြီး ထိုင်းနိုင်ငံရေး၏ အလှည့်အပြောင်းကာလဖြစ်သဖြင့် ပြည်သူလူထုကလည်း လွှတ်တော်အတွင်း မဲခွဲဆုံးဖြတ်မှုရလဒ်ကို အနီးကပ်စောင့်ကြည့်ခဲ့ကြသည်။
လွှတ်တော်အမတ် ၄၉၉ ဦးရှိသည့်အနက် ဝန်ကြီးချုပ်အဖြစ် ရွေးကောက်ခံရရန်အတွက် ထက်ဝက်ကျော်မဲ (သို့မဟုတ် အနည်းဆုံး ၂၅၀ မဲ) ရရှိရန် လိုအပ်ပါသည်။ အနုတင်သည် ၂၉၃ မဲ ရရှိခဲ့သဖြင့် ဝန်ကြီးချုပ်အဖြစ် အောင်မြင်စွာ ရွေးချယ်ခံခဲ့ရခြင်း ဖြစ်သည်။