တိုင်းရင်းသား အဖွဲ့များအား နိုင်ငံခြားသားများက သင်တန်းများပေးခဲ့
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မတ်လ ၂၃ ရက်။
အိန္ဒိယ အမျိုးသား စုံစမ်းစစ်ဆေးရေး အေဂျင်စီ (NIA) တွင် ထိန်းသိမ်းထားသည့် အမေရိကန် နှင့် ယူကရိန်း နိုင်ငံသားများက မြန်မာနိုင်ငံရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကို သင်တန်းများပေးပြီး ဒရုန်းနှင့် ဂျမ်မာများကို ထောက်ပံ့ခဲ့သည်ဟု တရားရုံးတွင် NIA က ထွက်ဆိုခဲ့ကြောင်း The Pioneer သတင်းစာတွင် ဖော်ပြသည်။
အမေရိကန်နိုင်ငံသား Van Dyke နှင့် ယူကရိန်းနိုင်ငံသားများဖြစ်ကြသော Maksym Honcharuk, Petro Hubra, Ivan Sukmanovskyi, Marian Stefankiv, Taras Slyviak နှင့် Viktor Kaminskyi တို့ ၇ ဦးကို ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့အထိ NIA က ထိန်းသိမ်းထားမည်ဖြစ်ပြီး တင်းကျပ်သော မတရားအသင်းကာကွယ်ရေးအက်ဥပဒေ (UAPA) ဖြင့် တရားစွဲဆိုထားသည်။
NIA သည် လက်နက်နှင့် ကိရိယာများ သယ်ယူပို့ဆောင်ရာတွင် ပါဝင်ကူညီခဲ့သည့် အိန္ဒိယအရှေ့မြောက်ပိုင်းရှိ ဒေသခံများကိုပါ ယခုအခါ စုံစမ်းစစ်ဆေးလျက်ရှိသည်။
အထူးသဖြင့် မီဇိုရမ် (Mizoram) နှင့် အာသံ (Assam) ပြည်နယ်များမှတစ်ဆင့် အဆိုပါအဖွဲ့အား ကူညီပေးခဲ့သူအချို့ကို ဖော်ထုတ်နိုင်ခဲ့ပြီဟု သတင်းတွင် ဖော်ပြသည်။
၎င်းတို့အဖွဲ့သည် ကမ္ဘာလှည့်ခရီးသွားဗီဇာဖြင့် ဥရောပမှ ဒရုန်းနှင့် ဂျမ်မာများ သွင်းခဲ့ပြီး မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်ကာ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များကို ဒရုန်းတပ်ဆင်ခြင်း၊
တိုက်ပွဲဝင်ခြင်းနှင့် ဆက်သွယ်ရေးလှိုင်းနှောင့်ယှက်ခြင်း နည်းဗျူဟာများ သင်ကြားပေးခဲ့သည်ဟု ဆိုသည်။
အမေရိကန် နိုင်ငံသား Van Dyke သည် “Sons of Liberty International” အဖွဲ့ကို တည်ထောင်သူဖြစ်ပြီး လစ်ဗျား၊ ဆီးရီးယားနှင့် ယူကရိန်းစစ်ပွဲများတွင် ပါဝင်တိုက်ခိုက်ခဲ့သူလည်း ဖြစ်သည်။
ယခုအခါ သူသည် တိုက်ပွဲအတွေ့အကြုံရှိသော ယူကရိန်းစစ်ပြန်များကို စုဆောင်းကာ မြန်မာနိုင်ငံရှိ တိုင်းရင်းသားတပ်ဖွဲ့များအား နည်းပညာဖြန့်ဝေပေးရန် ကြိုးပမ်းခဲ့ခြင်းဖြစ်သည်ဟု The Pioneer သတင်းတွင် ဖော်ပြပါရှိသည်။