Google AI က CODE မလိုပဲ APP အသစ်တွေ လုပ်နိုင်ပြီ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ် မတ်လ ၂၄ ရက်။
Google AI Studio က CODE တွေ ထည့်စရာမလိုပဲ ရိုးရိုးစာသားတွေနဲ့ ကိုယ်လိုချင်တဲ့ App တစ်ခု ဖြစ်လာအောင် လုပ်ဆောင်နိုင်ပြီဖြစ်ပါတယ်။
အဆင့်မြှင့်တင်မှုဟာ နည်းပညာသမားတွေတင်မကဘဲ သာမန်လူတွေအတွက်ပါ Application (App) တစ်ခု တည်ဆောက်ရတာကို အရမ်းလွယ်ကူသွားစေမယ့် အပြောင်းအလဲတစ်ခု ဖြစ်တယ်လို့ ဆိုပါတယ်။
အရင်က App တစ်ခု ဆောက်ချင်ရင် ကွန်ပျူတာစာသား (Code) တွေကို တစ်ကြောင်းချင်း ရိုက်နေရတာပါ။
အခု “Vibe Coding” ဆိုတာကတော့ ကိုယ်ဖြစ်ချင်တဲ့ ပုံစံ (Vibe) ကို စာနဲ့ ရိုးရိုးလေး ပြောပြလိုက်ရုံနဲ့ AI က Code ရေးတာတင်မကဘဲ App တစ်ခုလုံး ဖြစ်လာအောင် နောက်ကွယ်က လိုအပ်တာတွေပါ အကုန်လုပ်ပေးသွားတာကို ဆိုလိုတာပါ။
ဒီထဲမှာ Antigravity လို့ ခေါ်တဲ့ AI Agent အသစ် ပါဝင်လာပါတယ်။ သူက ဘာလုပ်ပေးလဲဆိုရင် ကိုယ်ပေးတဲ့ အမိန့်ကို နားထောင်ပြီး App တစ်ခု ဖြစ်လာဖို့ အဆင့်ဆင့် လုပ်ဆောင်ပေးတယ်။ ရှေ့မှာ
ဘာလုပ်ထားလဲဆိုတာကို မှတ်မိနေတဲ့အတွက် စကားပြောသလိုမျိုး အောက်ကနေ ထပ်ဆင့်ပြီး ပြင်ခိုင်းလို့ ရပါတယ်။
App တစ်ခုမှာ လူတွေမြင်ရတဲ့ အပြင်ပိုင်းတင်မကဘဲ နောက်ကွယ်က ဒေတာသိမ်းဆည်းတာ (Database) နဲ့ လူတစ်ယောက်ချင်းစီ အကောင့်ဝင်ဖို့ (Login) လုပ်ရတာတွေက အရမ်း ခက်ခဲပါတယ်။
အခု AI Studio မှာတော့ AI က ကိုယ့် App အတွက် Login စနစ်လိုတယ်လို့ ယူဆရင် Firebase ဆိုတဲ့ စနစ်နဲ့ ချိတ်ပြီး အလိုအလျောက် ထည့်ပေးသွားမှာ ဖြစ်ပါတယ်။
ငွေပေးချေမှု စနစ်တွေ (Payment Systems) နဲ့ တခြား Google ဝန်ဆောင်မှုတွေကိုလည်း အလွယ်တကူ ချိတ်ဆက်ပေးနိုင်ပါပြီ။
အရင်က AI တွေက Code အစိပ်အပိုင်းလေးတွေပဲ ထုတ်ပေးနိုင်တာပါ။ အခုကတော့ App တစ်ခုလုံးကို တကယ့်လူသုံးလို့ရတဲ့အထိ (Production-ready) အပြီးအစီး လုပ်ပေးနိုင်တော့မှာပါ။
ဂိမ်းဆော့တဲ့ App တွေ၊ အဖွဲ့အစည်းလိုက် အလုပ်လုပ်တဲ့ App တွေကို AI နဲ့တင် အပြီးဆောက်နိုင်တော့မှာ ဖြစ်ပါတယ်။
ဒါဟာ အပလီကေးရှင်း အသစ်တွေ လုပ်ဖို့ Coding ကို အချိန်အကြာကြီး သင်ယူနေစရာ မလိုတော့ပဲ ကိုယ်လိုချင်တဲ့ ပုံစံကို ပြောပြရုံနဲ့ လုပ်ဆောင်နိုင်တော့မှာ ဖြစ်ပါတယ်။