ထောင်နှင့် ချီသော လေထီးခုန် တပ်ဖွဲ့များ အီရန် သို့ ပို့မည်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မတ်လ ၂၅ ရက်။
အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က အီရန်နှင့် စစ်ပွဲရပ်စဲရန် ဆွေးနွေးမှုများရှိကြောင်း ပြောကြားနေသော်လည်း အမေရိကန်စစ်ဌာနချုပ် (Pentagon) အနေဖြင့် အီရန်နိုင်ငံအတွင်းသို့ ဝင်ရောက်နိုင်သည့် အထူးတပ်ဖွဲ့များ စေလွှတ်ရန် ပြင်ဆင်လျက်ရှိသည်။
အမေရိကန် လေကြောင်းချီတပ်မ ၈၂ မှ စစ်သည်တော် ၃,၀၀၀ နှင့် ၄,၀၀၀ ကြားကို အရှေ့အလယ်ပိုင်းသို့ ထပ်မံစေလွှတ်မည်ဖြစ်ပြီး ၎င်းသည် ဒေသတွင်းရှိ အမေရိကန်တပ်အင်အား ၅၀,၀၀၀ ထက် ကျော်လွန်သွားမည်ဖြစ်သည်။
အဆိုပါ စစ်ရေးပြင်ဆင်မှုများတွင် အီရန်နိုင်ငံ၏ ရေနံတင်ပို့မှု ဗဟိုချက်ဖြစ်သော Kharg ကျွန်းကို သိမ်းပိုက်ရေးအစီအစဉ်များလည်း ပါဝင်နေသည်ဟု စစ်ရေး အကဲခတ်များက ဆိုသည်။
တစ်ဖက်တွင် အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက ကုလသမဂ္ဂသို့ အကြောင်းကြားစာပေးပို့ရာတွင် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) အတွင်း ရန်လိုသောသဘောမဆောင်သည့် သင်္ဘောများကို ကြိုတင်ညှိနှိုင်းမှုဖြင့် ဖြတ်သန်းခွင့်ပြုမည်ဟု ဖော်ပြထားသည်။
သို့သော် အမေရိကန်၊ အစ္စရေးနှင့် ၎င်းတို့ကို ထောက်ခံသောနိုင်ငံများမှ သင်္ဘောများနှင့် ပစ္စည်းကိရိယာများကိုမူ ဖြတ်သန်းခွင့် လုံးဝပြုမည်မဟုတ်ကြောင်း ပြတ်သားစွာ ထုတ်ပြန်ထားသည်။
ဖေဖော်ဝါရီ ၂၈ ရက်မှ စတင်ခဲ့သော စစ်ပွဲအတွင်း အမေရိကန်က အီရန်နိုင်ငံအတွင်းရှိ ပစ်မှတ်ပေါင်း ၉,၀၀၀ ကျော်ကို တိုက်ခိုက်ခဲ့ပြီး အမေရိကန်စစ်သည် ၁၃ ဦး သေဆုံးကာ ၂၉၀ ဦး ဒဏ်ရာရရှိခဲ့သည်။
အမေရိကန်ပြည်သူ ၆၁ ရာခိုင်နှုန်းခန့်မှာလည်း အဆိုပါ တိုက်ခိုက်မှုများကို သဘောမတူကြောင်း စစ်တမ်းများတွင် ဖော်ပြထားသည်။