ဖားကန့်တွင် စစ်တပ် ဗုံးကြဲမှုများ ဆက်ရှိနေ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဧပြီလ ၉ ရက်။
ကချင်ပြည်၊ ဖားကန့်မြို့နယ်အတွင်းသို့ စစ်အစိုးရတပ်က အင်အားဖြည့်တင်းကာ စစ်ကြောင်းထိုး ဝင်ရောက်လာ ခြင်းနှင့်အတူ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေသဖြင့် တိုက်ပွဲများ အချိန်မရွေး ပြင်းထန်လာနိုင် ကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA) က ပြောသည်။
ယနေ့ ဧပြီလ ၉ ရက်၊ မွန်းလွဲ ၂ နာရီကျော်အချိန်တွင် ဖားကန့်မြို့နယ်၊ ဆွတ်ဘွမ် (ခေါ်) အမှိုက်ပုံကျေးရွာရှိ စစ်အစိုးရတပ်က ဂျက်ဖိုက်တာ (၂) စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်များ ထိမှန် ပျက်စီးခဲ့သည်။
အဆိုပါကျေးရွာသည် ဖားကန့်ဗျူဟာကုန်းနှင့် ကပ်လျက်တည်ရှိပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းမှ ဗုံးကြဲခံရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
လက်ရှိစစ်ရေးအခြေအနေနှင့် ပတ်သက်၍ KIO/KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူက “တင်းမာတဲ့ အနေအထားတော့ ဖြစ်ပါတယ်။ ဟို စစ်ကောင်စီဖက်ကလည်း စစ်အင်အားတွေ ပြန်ပြီးမှ ထပ်ထိုးထားတာ တော့ ရှိတယ်။ မနေ့ကလည်း ဒီနမ့်ယာ၊ ကာမိုင်း နမ့်ယာဖက်က ပြည်သူစစ်တွေနဲ့ ပူးပေါင်းတပ်ဖွဲ့တွေ စစ် ကြောင်းတွေ ဝင်ပြီးမှ အင်အားတွေ ပြန်ထပ်ထိုးထားတာကတော့ ရှိပါတယ်” ဟု ပြောသည်။
ဖားကန့်မြို့နယ်အတွင်း ကြီးမားပြင်းထန်သည့် မြေပြင်တိုက်ပွဲများ မရှိသေးသော်လည်း စစ်အစိုးရတပ်၏ စစ်ကြောင်းထိုး ဝင်ရောက်မှုများနှင့် ဗျူဟာကုန်းအတွင်း အင်အားဖြည့်တင်းမှုများကြောင့် အခြေအနေမှာ ပိုမို စိုးရိမ်ဖွယ် ဖြစ်လာနေသည်။
ထို့ပြင် ဗန်းမော်နှင့် ဝိုင်းမော်မြို့နယ်များတွင်လည်း စစ်အစိုးရတပ်ဘက်မှ လက်နက်ကြီးနှင့် ဒရုနန်းများ အသုံးပြု က တိုက်ခိုက်နေကြောင်း ဗိုလ်မှူးကြီး နော်ဘူက ဆက်ပြောသည်။
ဗိုလ်မှူးကြီး နော်ဘူက “ဗန်းမော်မှာကတော့ ခါတိုင်းလိုပေါ့ စစ်ကောင်စီဖက်ကနေ ဒရုန်းနဲ့ ပစ်တာတွေ၊ လက် နက်ကြီးနဲ့ လှမ်းပစ်တာတွေတော့ရှိတယ်။ မြေပြင်တိုက်ပွဲတွေကတော့ သိပ်မရှိပါဘူး။ ခလရ ၄၇ တို့၊ သုံးမိုင်တို့ အဲဒီနေရာမှာတော့ သူတို့ ထိုးလာလို့ရှိရင်တော့ ခုခံတဲ့ တိုက်ပွဲငယ်လေးတွေတော့ ရှိပါတယ်” ဟု ပြောသည်။
၎င်းက ဆက်လက်၍ “ဝိုင်းမော်ဖက်မှာလည်း မိုင်းနားနားက စံပြတောင်ဆိုတဲ့နေရာမှာ သူတို့ လက်နက်ကြီးတွေ ထိုင်ထားတယ်လို့ ပြောတယ်။ အဲဒီလက်နက်ကြီးနဲ့ တစ်ခါတစ်လေတော့ သူတို့ ပစ်တာပေါ့ လှမ်းပစ်တာပေါ့။ အဓိကကတော့ ဖားကန့်၊ ဝိုင်းမော်၊ ဗန်းမော်ဖက်မှာကတော့ တင်းမာတဲ့ အနေအထားဖြစ်ပါတယ်။ ပြီးမှ အင်းတော်ကြီးပေါ့ အဲဒီနေရာမှာကတော့ အချိန်မရွေးတိုက်ပွဲတွေ ဖြစ်နိုင်ချေရှိတဲ့ နေရာတွေ ဖြစ်ပါတယ်” ဟု ပြောသည်။
ပြီးခဲ့သည့် ဧပြီလ ၂ ရက်နေ့ကလည်း ဖားကန့်မြို့ပေါ်သို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ကလေးငယ်များ အပါအဝင် အရပ်သား ၅ ဦး ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်များ ရှိခဲ့သည်။ ဖားကန့်ဒေသတွင် စစ်ပွဲပိုမိုကျယ်ပြန့်လာမည်ကိုလည်း ဒေသခံများ စိုးရိမ်နေကြသည်။
လက်ရှိတွင် အမှိုက်ပုံရွာ၊ မော်ဝမ်းကြီးရွာနှင့် ထုံးဖိုရွာဘက်အခြမ်းတို့၌ စစ်အစိုးရတပ်နှင့် တော်လှန်ရေး အင်အားစုများအကြား စစ်ရေးတင်းမာမှုများ မြင့်တက်လျက်ရှိကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြော သည်။
ဓါတ်ပုံ – ပုံဟောင်း (RFA)