KNU ၏ ကော်သူးလေ ကောင်စီများ အရှိန်မြှင့်တင် ဆောင်ရွက်နေ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၇ ရက်။
ကော်သူးလေ အတိုင်ပင်ခံ ကောင် စီနှင့် အုပ်ချုပ်ရေးကောင်စီတို့သည် နယ်မြေအတွင်း အုပ်ချုပ်ရေးယန္တရား ပိုမိုအားကောင်းလာစေရန်နှင့် နိုင်ငံ တကာနှင့် ချိတ်ဆက်သည့် လူထုဝန်ဆောင်မှုလုပ်ငန်းများကို အရှိန်မြှင့်တင် ဆောင်ရွက်နေသည်ဟု ပြောသည်။
အဆိုပါ ကောင်စီနှစ်ရပ်ကို ကရင်အမျိုးသားအစည်းအရုံး (KNU) က ဧပြီလ ၁၀ ရက်နေ့က စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပြီး၊ ယခင်ကရှိခဲ့သော အုပ် ချုပ်ရေး လုပ်ငန်းများကို အခြေခံကာ နိုင်ငံတကာချိတ်ဆက်မှုများမှတစ်ဆင့် ပိုမိုထိရောက်သော အုပ်ချုပ်ရေး ပုံစံသစ်ကို ဖော်ဆောင်သွားမည်ဖြစ်သည်။
ယခုခြေလှမ်းနှင့် ပတ်သက်၍ KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေးက “နောက်ထပ် ဒီထက် ကျနော်တို့ မျှော်လင့်တာက ဒီထက်ကောင်းမွန်တဲ့ အုပ်ချုပ်ရေး လုပ်ငန်းတွေ အထူးသဖြင့်တော့ ဒီ ပြည်သူ့ ဝန်ဆောင်မှု လုပ်ငန်းတွေ ဖြစ်တဲ့ ဌာနတွေပေါ့နော် အဲဒါတွေက ပိုပြီး အလုပ်လုပ်လာနိုင်မယ် နိုင်ငံတကာနဲ့လည်း ပိုပြီး ချိတ် ဆက်ဆောင်ရွက်လာနိုင်တယ်ဆိုတဲ့ ပိုပြီး ကောင်းမွန်လာနိုင်တဲ့ အနေအထားတော့ ကျနော်တို့ မျှော်လင့်ထားတာ ဖြစ်ပါတယ်” ဟု ပြောသည်။
ကောင်စီသစ်များ အနေဖြင့် ပြည်တွင်းရှိ အခြားသော ဖက်ဒရယ်ယူနစ်များနှင့်လည်း ညှိနှိုင်းချိတ်ဆက်သွားမည် ဖြစ်ပြီး၊ စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်ရင်း တော်လှန်ရေးအသွင်ကူးပြောင်းမှုကာလ (Transitional Period) ကို စနစ်တကျ ကျော်ဖြတ်နိုင်ရန် ပြင်ဆင်နေခြင်းဖြစ်သည်ဟု ဆိုသည်။
တော်လှန်ရေးနှင့် အုပ်ချုပ်ရေး ဟန်ချက်ညီရန် လိုအပ်မှုကိုလည်း ပဒိုစောကလယ်စေးက “တစ်ဖက်က တော် လှန်ရေး အခန်းကဏ္ဍနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ မေ့ထားလို့မရဘူး။ တော်လှန်ရေး ကာလဖြစ်နေတဲ့ အပေါ်မှာ တော်လှန်ရေး လုပ်ငန်းကိုတော့ တစ်စိုက်မတ်မတ် ကျနော်တို့ အတိုင်ပင်ခံကောင်စီနဲ့ တွဲဖက်ပြီး တော့ပေါ့နော်။ ဒီအုပ်ချုပ်ရေးကောင်စီနဲ့ ဟန်ချက်ညီ ကျနော်တို့ တော်လှန်ရေး လုပ်ငန်းကိုလည်း ကျနော်တို့ ဆက်လက်အကောင်အထည်ဖော် တိုးမြှင့်သွားနိုင်မှာ ဖြစ်တယ်လို့ ကျနော်တို့ အဲ့လိုပဲ ယုံကြည် နားလည်ထား ပါတယ်” ဟု ဖြည့်စွက် ပြောသည်။
ကော်သူးလေ အတိုင်ပင်ခံကောင်စီ (Kawthoolei Consultative Council – KCC) ၏ စုဖွဲ့မှုတွင် KNU ဗဟို ကိုယ်စားလှယ်များ၊ ခရိုင် ၇ ခုမှ ကိုယ်စားလှယ်များ၊ လူမျိုးစုအလိုက် ကိုယ်စားလှယ်များ၊ အမျိုးသမီးနှင့် လူငယ် အစုအဖွဲ့များအပြင် ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရကိုယ်စားလှယ်များပါ ပါဝင်ဖွဲ့စည်းထားသည်။
“အထူးသဖြင့် တော်လှန်ရေးကာလ ကော်သူးလေ အတိုင်ပင်ခံကောင်စီထဲမှာ ပါဝင်တဲ့ ကိုယ်စားလှယ်တွေ က တော့ ဗဟိုအဆင့်၊ KNU ရဲ့ ဗဟိုအဆင့် ကိုယ်စားလှယ်တွေပါသလို ခရိုင် ၇ ခုရဲ့ ကိုယ်စားလှယ်တွေလည်း ပါဝင်မှာ ဖြစ်ပါတယ်။ နောက်တော့ အဲဒီ ခရိုင်တွေထဲမှာ ရှိနေကြတဲ့ လူမျိုး ကိုယ်စားလှယ်တွေလည်း ပါဝင်မှာ ဖြစ်သလို အမျိုးသမီးနဲ့ လူငယ်အစုအဖွဲ့တွေ ပါဝင်ကြမှာ ဖြစ်ပါတယ်။ အဲဒီအထဲမှာ ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရခဲ့တဲ့ ကိုယ်စားလှယ်တွေလည်း ပါဝင်မှာ ဖြစ်ပါတယ်” ဟု စုဖွဲ့မှုပုံစံကို ပဒိုကလယ်စေးက ရှင်းပြသည်။
ကောင်စီအသစ်များ အနေဖြင့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို အာမခံထားသလို၊ တာဝန်ယူမှု တာဝန်ခံမှု အပြည့်ဖြင့် လုပ်ဆောင်သွားမည်ဟု ခံဝန်ကတိပြုထားကြသည်။
ထို့အပြင် ကော်သူးလေ၏ တည်ငြိမ်မှုကို နှောင့်ယှက်မည့် မည်သည့်အတားအဆီးကိုမဆို အစုအဖွဲ့အားလုံးက စုပေါင်းကာကွယ်သွားမည်ဟု ဆိုသည်။
လက်ရှိတွင် KNU နယ်မြေအသီးသီး၌ စစ်ရေးအရှိန် မြင့်တက်နေသော်လည်း ယခုကဲ့သို့ အုပ်ချုပ်ရေးမဏ္ဍိုင်ကို ခိုင်မာစွာ တည်ဆောက်လိုက်ခြင်းမှာ အနာဂတ် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် အသွင် ကူးပြောင်းမှုကာလ ပြင်ဆင်ချက်များထဲမှ တစ်ခုဖြစ်ကြောင်း KNU ဘက်က ထုတ်ပြန်ထားသည်။