ထီးချိုင့်-ကသာကြား မြစ်ရိုး ကျေးရွာများ တိမ်းရှောင်နေရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၁ ရက်။
ထီးချိုင့်မြို့ကို ပြန်လည်ထိန်းချုပ်ထားသည့် စစ်တပ်သည် ဧရာဝတီမြစ်ကြောင်းအတိုင်း ကသာမြို့ ဘက်သို့ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုး ဝင်ရောက်လာရာ လမ်းတစ်လျှောက်ရှိ ကျေးရွာများမှ ဒေသခံပြည်သူများမှာ ရွာလုံးကျွတ် ဘေးလွတ်ရာသို့ အရေးပေါ် တိမ်းရှောင်နေကြရသည်။
ပြီးခဲ့သည့် ဧပြီလ ၁၃ ရက် (သင်္ကြန်အကြိုနေ့) ကတည်းက ထီးချိုင့်မြို့မှ အင်အား ၃၀၀ ခန့်ဖြင့် စတင် ထွက်ခွာ လာသည့် အဆိုပါစစ်ကြောင်းကြောင့် လမ်းတစ်လျှောက်ရှိ သာဂရ၊ ကလုံနှင့် အင်းရွာလေး အပါအဝင် မြစ်ကမ်းဘေး ကျေးရွာများကို တော်လှန်ရေး အင်အားစုများ ဘက် မှ စစ်ရေးဗျူဟာအရ ဖယ်ပေးလိုက်ရပြီးနောက် ဒေသခံအများအပြား နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရခြင်း ဖြစ်သည်။
လက်ရှိတွင် စစ်အစိုးရတပ် စစ်ကြောင်းသည် ကသာမြို့နှင့် ၈ မိုင်ခန့်အကွာရှိ မဲဟင်းရွာနှင့် ကလုံရွာကြားသို့ ရောက်ရှိနေပြီး စစ်ကြောင်း ၃ ကြောင်းခွဲ၍ ဒရုန်းနှင့် လက်နက်ကြီးများကို အဓိကအသုံးပြုကာ နယ်မြေရှင်းလင်းနေကြောင်း မြေပြင်သတင်းရင်းမြစ်က ပြောသည်။သည်။
ဒေသခံတော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက “သူတို့က မြစ်ကြောင်းစိုးမိုးရေးအတွက် ထိုးလာတဲ့သဘောဗျ။ စစ်ကြောင်းက ၃ ကြောင်းခွဲပြီး တက်လာတာဆိုတော့ ကျနော်တို့ဘက်က နယ်မြေတချို့ကို ပြန်ဖယ်ပေးလိုက် ရတယ်။ ဒရုန်းတွေနဲ့ အပေါ်ကနေ အရင်ကြည့်ပြီး လက်နက်ကြီးနဲ့ ထုတာ။ အခုတော့ ကသာနဲ့ တော်တော် နီးနေပြီ၊ မြစ်ကမ်းဘေးရွာတွေက လူတွေလည်း အကုန်ပြေးနေရတယ်” ဟု ပြောသည်။
စစ်အစိုးရတပ်သည် မိုးတွင်းကာလ မြစ်ရေတက်ချိန်တွင် မန္တလေးမှ ဗန်းမော်အထိ ရိက္ခာနှင့် စစ်လက်နက်များ အဟန့်အတားမရှိ ပို့ဆောင်နိုင်ရန် ဧရာဝတီမြစ်ကြောင်းစိုးမိုးရေးကို အသည်းအသန် လုပ်ဆောင်လာခြင်း ဖြစ်သည်ဟု ဆိုသည်။
လက်ရှိတွင် သာဂရ၊ ကလုံနှင့် အင်းရွာလေး အပါအဝင် မြစ်ကမ်းဘေးကျေးရွာများမှ ဒေသခံပြည်သူများမှာ ကိုင်းတောများအတွင်း၌ ခက်ခဲစွာ ပုန်းရှောင်နေရပြီး ရိက္ခာပြတ်လပ်မှုနှင့် ရင်ဆိုင်နေရသည်။
မြေပြင်သတင်းရင်းမြစ်တစ်ဦးက “မြစ်ကြောင်းတစ်လျှောက် ရွာတွေက လူတွေလည်း ထပ်တိုးပြီး ပြေးနေရ တာဆိုတော့ ကူညီပေးဖို့ တော်တော်လေး ခက်ခဲနေတယ်” ဟု ပြောသည်။
စစ်အစိုးရတပ်ဘက်က ကသာမြို့ကို အပြည့်အဝ ထိန်းချုပ်နိုင်ပြီဟု ဝါဒဖြန့်ကာ ဒေသခံများကို မြို့ထဲပြန်ဝင်ရန် ဖိအားပေးနေသော်လည်း မြေပြင်တွင် လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုများ နေ့စဉ်ရှိနေဆဲဖြစ်သည်။
ကသာတော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကမူ တော်လှန်ရေးအင်အားစုများဘက်မှ အလုံးစုံ ဆုတ်ခွာသွားခြင်းမျိုး မဟုတ်ဘဲ တိုက်ပွဲများ ဆက်လက်ဆင်နွှဲရန် ပြင်ဆင်နေသဖြင့် မြို့ထဲသို့ ပြန်လည်ဝင်ရောက်ခြင်းမပြုရန် သတိပေးထားသည်။
ကသာတော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးက “ပြည်သူတွေကို မြို့ထဲမဝင်ကြပါနဲ့ဦးလို့ ကျနော်တို့ တောက်လျှောက် ပြောနေတာပါ။ ဒါဟာ တိုက်ပွဲက ပြီးသွားတာ မဟုတ်ပါဘူး၊ ဒီတိုက်ပွဲက ပြန်ဖြစ်မှာပါ။ ကျနော်တို့ တော် လှန်ရေးဘက်ကလည်း အရှုံးပေးလို့မရဘူး၊ မနိုင်နိုင်အောင် တိုက်ရမှာပါ။ ဒါဟာ စစ်ရေးအရ ခဏတာ အနည်း ငယ် နောက်ဆုတ်ပေးတဲ့ သဘောပါပဲ၊ အပြီးအပိုင် ထွက်ခွာသွားတာ မဟုတ်ပါဘူး” ဟု ပြောသည်။
ကသာမြို့တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလကုန်ပိုင်း မြို့သိမ်းတိုက်ပွဲ စတင်ခဲ့သည့်အချိန်မှစ၍ ယနေ့အထိ နှစ်ဖက် တပ်များအကြား စစ်ရေးတင်းမာမှုများ လျော့ပါးသွားခြင်းမရှိဘဲ ယခုကဲ့သို့ စစ်အစိုးရတပ်၏ အင်အား အလုံး အရင်းဖြင့် စစ်ကြောင်းထိုး ဝင်ရောက်လာမှုကြောင့် ရှေ့ဆက်၍ တိုက်ပွဲများ ပိုမိုပြင်းထန်လာမည်ကို ဒေသခံ များက စိုးရိမ်လျက် ရှိသည်။