ထိရောက်သည့် ဖိအားပေးအရေးယူမှုများလုပ်ရန် အာဆီယံအား ND-Burma တိုက်တွန်း 

သတင်းနှင့် မီဒီယာကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၅ ရက်။ 

မြန်မာ့အရေး ဖြေရှင်းရန် ချမှတ်ထားသည့် အာဆီယံ၏ ဘုံသဘောတူညီချက် ၅-ချက်သည် ငါးနှစ်ကြာမြင့်သည့် တိုင် လက်တွေ့တွင် အလုပ်မဖြစ်ဘဲ ကျရှုံးနေသဖြင့် နည်းလမ်းသစ်တစ်ရပ်ကို အရေးပေါ် ချမှတ်ဆောင်ရွက်ရန် လူ့အခွင့်အရေးမှတ်တမ်းကွန်ရက်-မြန်မာနိုင်ငံ (ND-Burma) က တိုက်တွန်းတောင်းဆိုလိုက်သည်။

ဧပြီလ ၂၄ ရက်နေ့တွင် ND – Burma က ထုတ်ပြန်သည့် အစီရင်ခံစာ၌ အာဆီယံအနေဖြင့် လက်တွေ့မကျသည့် နည်းလမ်းများကို စွန့်လွှတ်ရန် ထောက်ပြထားသည်။ 

အာဆီယံက ၎င်းတို့၏ ဘုံသဘောတူညီချက်ကို လိုက်နာရန် တိုက်တွန်းနေသော်လည်း စစ်အုပ်စုသည် လက်နက် အားကိုးဖြင့် အဓမ္မဖိနှိပ်မှုများကိုသာ ကျူးလွန်နေကြောင်း မွန်ပြည် လူ့အခွင့်အရေး ဖောင်ဒေးရှင်း (HURFOM) ဒါရိုက်တာ နိုင်အဲမွန်က ပြောသည်။

အဓိကကတော့ ဒီစစ်ကောင်စီရဲ့ ပြည်သူလူထုအပေါ်မှာ ဖိနှိပ်ပြီးတော့ လက်နက်အားကိုးနဲ့ အုပ်ချုပ်ချင်တဲ့ စိတ်အာသီသတွေက အမြဲတမ်းရှင်သန်နေဆဲ ဖြစ်တယ်ပေါ့နော်။ အာဆီယံကနေ ချမှတ်ထားတဲ့ ဘုံသဘော တူညီချက် ၅ ချက်ကို လိုက်နာပြီးတော့ မဖြစ်မနေ ဆောင်ရွက်ဖို့ တောက်လျှောက် ဝိုင်းတွဲပြီးတော့ ခေါ်တယ် ပေါ့နော်။ တိုက်တွန်းတယ်။

နိုင်အဲမွန်က “ဒါပေမဲ့ စစ်အုပ်စုက ပြည်သူလူထုရဲ့ သဘောထားကို ဆန့်ကျင်ပြီးတော့ ပြည်သူ့အစိုးရဆီကနေ အာဏာကို မတရားရယူ၊ အဓမ္မနည်းနဲ့ အုပ်ချုပ်ဖို့ လုပ်တဲ့အခါကျတော့ သူ့ပြည်သူကို တောက်လျှောက် ဖိနှိပ်တယ် ဟု ပြောသည်။

ND-Burma ၏ မှတ်တမ်းများအရ ၂၀၂၅ ခုနှစ် နှောင်းပိုင်းမှ ၂၀၂၆ ခုနှစ်အစောပိုင်းအထိ မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်တိုက်မြင့်တက်နေပြီး နေရပ်စွန့်ခွာထွက်ပြေးရသူ (IDPs) ဦးရေမှာ ၄ သန်းအထိ ရှိလာနိုင်ကြောင်း ခန့်မှန်းထားသည်။ 

လက်ရှိအခြေအနေမှာ ညှိနှိုင်းရေးထက် ထိရောက်စွာ အရေးယူရမည့် အဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း နိုင်အဲမွန်က ဆက်လက်ထောက်ပြသည်။

စစ်အုပ်စုက ဒီအဆင့်မှာ မဟုတ်တော့ဘူး။ တကယ်တမ်းကျတော့ လုံးဝ Sanction တွေနဲ့ ထိထိရောက်ရောက် အရေးယူရမယ့်အဆင့်၊ ကျူးလွန်လာတဲ့ စစ်ရာဇဝတ်မှုတွေအတွက် ICC ကို ပို့ရမယ့် အဆင့်အထိတောင် ရောက်နေပြီ။ Five-Point Consensus က တကယ်တမ်းကျတော့ စစ်တပ်နဲ့ ညှိနှိုင်းရေးအပေါ်မှာပဲ အခြေခံ ပြီး သံတမန်ရေးအရ တွန်းတာဖြစ်တယ်။ ဆိုတော့ ဒီအချက်မှာ ပြည်သူလူထု တော်တော်များများ ဖြစ်စေချင် တာက ဒီဖိနှိပ်တာတွေကို ရပ်၊ ပြီးလို့ရှိရင် ပြည်သူက အုပ်ချုပ်တဲ့ NUG အစိုးရနဲ့ ညှိနှိုင်းဖို့ပဲ ဟု နိုင်အဲမွန်က ပြောသည်။

အာဆီယံနှင့် နိုင်ငံတကာအနေဖြင့် စစ်အုပ်စု၏ အတုအယောင် (Sham) ရွေးကောက်ပွဲရလဒ်များကို အသိအမှတ်မပြုရန်နှင့် တရားဝင်မှု မပေးရန်လည်း အစီရင်ခံစာက သတိပေးထားသည်။ 

စစ်အုပ်စုကို အသိအမှတ်ပြုခြင်းသည် “မကောင်းမှုကို အားပေးသလို” ဖြစ်သွားမည် ဖြစ်သောကြောင့် မြန်မာပြည်သူများ၏ ဒီမိုကရေစီရေး လှုပ်ရှားမှုကိုသာ ထောက်ပံ့ကူညီရန် ND-Burma က တိုက်တွန်းထား သည်။