ယူကရိန်း စစ်စတင်ပြီးနောက် ရုရှားတွင် လုပ်သား အင်အား ၂.၅ သန်း လျော့နည်းသွား

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက်။ 

ရုရှားနိုင်ငံမှာ သမိုင်းတလျောက် လူအရင်းအမြစ် အရှားပါးဆုံးအခြေအနေကို ရင်ဆိုင်နေရတယ်လို့ ရုရှား ဗဟိုဘဏ်ဥက္ကဌ က ပြောလိုက်ပါတယ်။ 

ဒီလို ရှားပါးမှုကြောင့် အဆိုးရွားဆုံး လုပ်သား အင်အား ပြတ်လပ်မှုကို ကြုံနေကြရပါတယ်။ 

ဒီလို ဖြစ်ရတာဟာ လေးနှစ်ကျော်ကြာ တိုက်နေရတဲ့ ယူကရိန်း စစ်ပွဲဟာ အဓိက အကြောင်းရင်း တစ်ခု ဖြစ်နေပါတယ်။ 

စစ်ပွဲမှာ လူပေါင်း ၁ သန်းကျော် သေဆုံးခဲ့ရပြီး လူငယ် အများအပြားဟာ စစ်ထဲမဝင်ချင်တဲ့အတွက် နိုင်ငံခြားကို ထွက်ခွာသွားနေကြပါတယ်၊။ 

တဘက်မှာလည်း ကလေးမွေးဖွားနှုန်းက ကျဆင်းနေပြန်တော့ လုပ်သား အင်အား ပြတ်လပ်မှုကို ကြုံနေရပြီး လူငယ်တွေကို စစ်တပ်နဲ့ စက်ရုံတွေက အပြိုင်အဆိုင် လုနေရတဲ့ အခြေအနေ ဖြစ်နေပါတယ်။ 

ယူကရိန်းကို ကျူးကျော်စစ်စတင်ကတည်းက ရုရှားရဲ့ အရန်လုပ်သားအင်အား (Labor Reserve) ဟာ လူဦးရေ ၂.၅ သန်း ခန့် လျော့နည်းသွားပါတယ်။ ဒါဟာ ခေတ်သစ်ရုရှားသမိုင်းမှာ တစ်ခါမှမကြုံဖူးတဲ့ အခြေအနေဖြစ်တယ်လို့ ဗဟိုဘဏ်ဥက္ကဋ္ဌ Elvira Nabiullina က ဆိုပါတယ်။

ကမ္ဘာကျော် တင့်ကားထုတ်လုပ်ရေးစက်ရုံ Uralvagonzavod နဲ့ ကားထုတ်လုပ်ရေးလုပ်ငန်း AvtoVAZ တို့ဟာ ဝန်ထမ်းရှားပါးမှုနဲ့ ကုန်ကြမ်းအခက်အခဲကြောင့် အလုပ်ချိန်လျှော့ချတာနဲ့ လူလျှော့တာတွေ လုပ်နေရပါတယ်။

လူရှားတဲ့အတွက် လုပ်ခလစာတွေ အဆမတန် တိုးပေးနေရပြီး ဒါဟာ ကုန်ဈေးနှုန်းကြီးမြင့်မှုကို ပိုမိုဆိုးရွားစေပါတယ်။

ရုရှားအစိုးရက စက်ရုပ်တွေနဲ့ AI နည်းပညာတွေ သုံးဖို့၊ အသေးစားလုပ်ငန်းတွေကို အားပေးဖို့ ကြိုးစားနေပါတယ်။ ဒါ့အပြင် စစ်ပွဲအတွင်း သေဆုံးသွားသူတွေရဲ့ မိသားစုဝင်တွေ (ဥပမာ- စစ်မုဆိုးမများ) ကို အလုပ်အကိုင်ရရှိဖို့ အခမဲ့ သင်တန်းတွေပေးပြီး လုပ်သားလိုအပ်ချက်ကို ဖြည့်ဆည်းဖို့ ကြိုးစားနေပါတယ်။

တစ်ဖက်မှာလည်း စစ်စရိတ်အတွက် အခွန်တွေကို တိုးမြှင့်လိုက်တာကြောင့် အသေးစားလုပ်ငန်း အမြောက်အမြား ပိတ်သိမ်းနေရပါတယ်။

ရုရှားရဲ့ စစ်ပွဲစီးပွားရေး (War Economy) ဟာ အခုဆိုရင် “လုပ်သားအင်အား အကန့်အသတ်” ကို ရောက်ရှိသွားပြီလို့ သုံးသပ်သူတွေက ဆိုပါတယ်။ 

ဒီအချက်က ရုရှားရဲ့ ရေရှည်စီးပွားရေး ဖွံ့ဖြိုးမှုကို ကြီးမားတဲ့ ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာနေပါတယ်လို့လည်း သုံးသပ်ထားကြပါတယ်။