Tiktok က ထိုင်းနိုင်ငံတွင် ဒေါ်လာ ၂၉ ဘီလီယံ ရင်းနှီးမြှုပ်နှံမည်။ ထိုင်း creator များ Tiktok မှ တိုက်ရိုက် ဝင်ငွေ ရနိုင်ရန် မျှော်လင့်ချက်ရှိလာ 

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မေလ ၆ ရက်။ 

ထိုင်းနိုင်ငံက TikTok ၏ ဒေါ်လာ ၂၅ ဘီလီယံ ရင်းနှီးမြှုပ်နှံမှုကို ယနေ့ မေလ ၆ ရက်တွင် အတည်ပြုလိုက်ပြီဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း ဒေါ်လာ ၂၉ ဘီလီယံတန်ဖိုးရှိ စီမံကိန်းကြီး ၆ ခုပါဝင်မည်ဖြစ်သည်။ 

၎င်းတို့အနက် ဒေတာစင်တာ (Data Centre) လုပ်ငန်းမှာ အကြီးမားဆုံးဖြစ်သည်။ 

ထိုင်းနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့ (BOI) သည် ဗုဒ္ဓဟူးနေ့တွင် စုစုပေါင်း တန်ဖိုး ဘတ် ၉၅၈ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂၉ ဘီလီယံ) ရှိသည့် အဓိကစီမံကိန်းကြီး ၆ ခုကို အတည်ပြုပေးခဲ့သည်ဟု ဘန်ကောက်ပို့စ် သတင်းတွင် ဖော်ပြထားသည်။ 

ယင်းစီမံကိန်းများထဲတွင် TikTok ၏ ထိုင်းအခြေစိုက်လုပ်ငန်းခွဲမှ ဒေတာအခြေခံအဆောက်အအုံ တိုးချဲ့မည့်လုပ်ငန်းမှာ အကြီးဆုံးဖြစ်ပြီး တန်ဖိုးအားဖြင့် ဘတ် ၈၄၂ ဘီလီယံ (ဒေါ်လာ ၂၅ ဘီလီယံခန့်) ရှိသည်။ 

၎င်းသည် ဘန်ကောက်၊ စမွတ်ပရာကန် နှင့် ချာချိုအန်ဆောင် ပြည်နယ်တို့တွင် ဆာဗာများ တိုးမြှင့်တပ်ဆင်ခြင်းနှင့် ဒေတာသိုလှောင်မှု အဆောက်အအုံများကို တိုးချဲ့သွားမည်ဖြစ်သည်။

ဒစ်ဂျစ်တယ်ဝန်ဆောင်မှုများအတွက် မြင့်တက်လာသော ဝယ်လိုအားကို ဖြည့်ဆည်းရန်နှင့် ဒေသတွင်း ဒစ်ဂျစ်တယ်အခြေခံအဆောက်အအုံတွင် ထိုင်းနိုင်ငံ၏ အခန်းကဏ္ဍကို မြှင့်တင်ရန်ဖြစ်သည်။ 

ထို့အပြင် TikTok သည် ထိုင်းလုပ်ငန်းရှင်များအတွက် ဒစ်ဂျစ်တယ်စာတတ်မြောက်မှုနှင့် e-commerce သင်ရိုးညွှန်းတမ်းများကို ကူညီဖော်ဆောင်ပေးရန်လည်း ကတိပြုထားသည်။

တရုတ်နိုင်ငံ ByteDance ကုမ္ပဏီပိုင် TikTok သည် ကမ္ဘာတစ်ဝန်းတွင် အသုံးပြုသူ ၂ ဘီလီယံကျော်ရှိပြီး အရှေ့တောင်အာရှတွင် ၃၆၈ သန်းနှင့် စီးပွားရေးလုပ်ငန်းရှင် အသုံးပြုသူ ၁၅ သန်းကျော်ရှိသည်။ 

၂၀၂၁ ခုနှစ်တွင် ထိုင်းနိုင်ငံ၌ TikTok Technologies Co ကို ဒေသဆိုင်ရာရုံးအဖြစ် စတင်တည်ထောင်ခဲ့သည်။

၂၀၂၆ ခုနှစ် ပထမသုံးလပတ်အတွင်း ထိုင်းနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု လျှောက်ထားမှုများမှာ သိသိသာသာ မြင့်တက်လာပြီး ယခင်နှစ်ထက် ၂.၄ ဆ ပိုများလာကာ ဘတ် ၁ ထရီလီယံကျော်အထိ ရှိလာခဲ့သည်။ 

၎င်းသည် အထူးသဖြင့် ဒစ်ဂျစ်တယ်၊ အီလက်ထရွန်နစ်နှင့် AI (ဉာဏ်ရည်တု) ကဏ္ဍများတွင် စီမံကိန်းကြီးများကြောင့် ဖြစ်သည်။ 

လက်ရှိတွင် TikTok Creator Fund လို့ လူသိများတဲ့ သုံးစွဲသူများကို Monetization စနစ်ဖြင့် တိုက်ရိုက် ငွေပေးသည့် အစီအစဉ်သည် အမေရိကန်နှင့် ဥရောပနိုင်ငံအချို့တွင်သာ ရှိခဲ့သည်။ 

၂၀၂၆ ခုနှစ်ရဲ့ ရင်းနှီးမြှုပ်နှံမှု အသစ်များအရ ထိုင်းနိုင်ငံကို ဒေသတွင်း Content Hub (ဗဟိုချက်) အဖြစ် ပြောင်းလဲရန် ရည်ရွယ်ထားသည့်အတွက် ဤ Rewards Program ကို ထိုင်း Creator များအတွက်ပါ တရားဝင် ပိုမိုကျယ်ပြန့်အောင် လုပ်ဆောင်ရန်  အလားအလာ အလွန်များသည်ဟု သုံးသပ်မှုများ ရှိနေသည်။