EU က တရုတ်အင်ဗာတာများအားကန့်သတ်ချက်အပေါ် တရုတ် ကန့်ကွက်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မေလ ၈ ရက်။
ဥရောပသမဂ္ဂ (EU) ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် စီမံကိန်းများတွင် တရုတ်နိုင်ငံထုတ် ပါဝါအင်ဗာတာ (Power Inverters) များ အသုံးမပြုရန် ကန့်သတ်ချက်အပေါ် တရုတ်အစိုးရက မေလ ၇ ရက်နေ့တွင် ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း ထုတ်ပြန်ခဲ့သည်။
ဥရောပကော်မရှင်က တရုတ်ထုတ် အင်ဗာတာများရှိ ဆော့ဖ်ဝဲလ်များမှတစ်ဆင့် ဥရောပလျှပ်စစ်ဓာတ်အားစနစ်ကို အဝေးမှ ထိန်းချုပ်ခြင်း သို့မဟုတ် အချက်အလက် ခိုးယူခြင်းများ ပြုလုပ်နိုင်သည်ဟူသော “လုံခြုံရေးစိုးရိမ်ချက်” ကြောင့် ယခုကဲ့သို့ ကန့်သတ်ရန် ကြိုးပမ်းခြင်းဖြစ်သည်။
လက်ရှိတွင် ဥရောပ၌ အသုံးပြုနေသော နေရောင်ခြည်စွမ်းအင်သုံး အင်ဗာတာ ၈၀ ရာခိုင်နှုန်းကျော်မှာ တရုတ်နိုင်ငံထုတ်များ ဖြစ်သည်။
တရုတ်စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ၎င်းတို့နိုင်ငံကို “အန္တရာယ်မြင့်မားသော နိုင်ငံ” အဖြစ် နာမည်ဖျက်နေမှုကို ချက်ချင်းရပ်တန့်ရန်နှင့် ခွဲခြားဆက်ဆံသည့် လုပ်ရပ်များကို စွန့်လွှတ်ရန် တိုက်တွန်းထားသည်။