ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ဇနီး ပစ်သတ်ခံရ၊ သမီးဖြစ်သူ ဒဏ်ရာရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မေလ ၁၁ ရက်။  

ထားဝယ်မြို့၊ ဆန်းချီရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် မိသားစုဝင်များသည် နေအိမ်တွင် ရှိနေစဉ် သေနတ်ဖြင့် ပစ်ခတ်ခံရသဖြင့် အုပ်ချုပ်ရေးမှူးနှင့် ဇနီးဖြစ်သူတို့ သေဆုံးကာ သမီးဖြစ်သူ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း ရပ်ကွက်သားများက ပြောသည်။

ဖြစ်စဉ်မှာ မေလ ၉ ရက်နေ့ ည ၈ နာရီခန့်တွင် ဆန်းချီဘုန်းကြီးကျောင်း အနီးရှိ နေအိမ်၌ အုပ်ချုပ်ရေးမှူးမိသားစု စကားပြောနေစဉ် အမျိုးသားနှစ်ဦး ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သွားခဲ့ခြင်း ဖြစ်သည်။ 

ပစ်ခတ်မှုကြောင့် အုပ်ချုပ်ရေးမှူး ဦးမြင့်လွင်၊ ဇနီးဖြစ်သူနှင့် အသက် ၂၀ ကျော်အရွယ် သမီးဖြစ်သူတို့တွင် သေနတ် ဒဏ်ရာများ အသီးသီးရရှိခဲ့သဖြင့် ထားဝယ်ဆေးရုံကြီးသို့ အရေးပေါ် ပို့ဆောင်ခဲ့ရသည်။

အသက် ၄၀ ခန့်အရွယ် အမျိုးသားတစ်ဦးက အုပ်ချုပ်ရေးမှူး ဦးမြင့်လွင်ကို အရင်ဆုံးပစ်လိုက်တာ၊ ပြီးတော့မှ မိန်းမနဲ့သမီးတို့ကိုပါ ပစ်ခဲ့တာပါ။ ဦးမြင့်လွင်တစ်ကိုယ်လုံး နေရာအနှံ့ သေနတ်ဒဏ်ရာ ဆယ်ချက်လောက် ရခဲ့တာကြောင့် ထားဝယ်ဆေးရုံကြီးမှာ ဆေးကုသနေစဉ် သေဆုံးသွားတယ်၊ သူ့မိန်းမမှာလည်း ဒဏ်ရာ နှစ်ချက် ထိပြီး ဆေးကုနေတုန်း ထပ်ပြီး သေသွားတယ် ဟု ပြောသည်။

သေဆုံးသူ အုပ်ချုပ်ရေးမှူး ဦးမြင့်လွင်နှင့် ဇနီးဖြစ်သူတို့၏ ရုပ်အလောင်းများကို ထားဝယ်ဆေးရုံကြီး ရင်ခွဲရုံတွင် ထားရှိပြီး၊ ညာဘက်ညှပ်ရိုး ကျည်ဆန်ဖောက်ဝင်ဒဏ်ရာနှင့် လက်ဖဝါးတွင် ကျည်ထိမှန်ဒဏ်ရာများ ရရှိခဲ့သည့် သမီးဖြစ်သူမှာမူ ဆေးရုံတွင် ဆေးကုသမှု ခံယူနေရဆဲ ဖြစ်သည်။

၎င်းတို့ကို ထားဝယ်မြို့နယ် ကြက်ခြေနီတပ်ဖွဲ့နှင့် ဇမ္ဗူသီရိ အရေးပေါ်လူနာ ကူညီသယ်ဆောင်ရေးအဖွဲ့တို့မှ လူနာတင်ယာဉ်များဖြင့် ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ခြင်း ဖြစ်သည်။ 

ထားဝယ်မြို့ပေါ်တွင် အလားတူ ပစ်ခတ်မှုမျိုး ပြီးခဲ့သည့် ဧပြီလ ၁၆ ရက်နေ့ကလည်း ဥဿာရံရပ်ကွက်၌ ဖြစ်ပွား ခဲ့ဖူးပြီး၊ ထိုစဉ်ကလည်း သားအဖနှစ်ဦး ပစ်ခတ်ခံရကာ ဖခင်ဖြစ်သူ သေဆုံးပြီး သမီးဖြစ်သူ ဒဏ်ရာအပြင်း အထန် ရရှိခဲ့သည့် ဖြစ်ရပ်မျိုး ရှိခဲ့သည်။

ယခုဖြစ်စဉ်နှင့် ပတ်သက်၍ ကျူးလွန်သူများကို ဖမ်းဆီးရမိခြင်း ရှိ၊ မရှိနှင့် မည်သည့်အဖွဲ့က လုပ်ဆောင်သည် ကိုမူ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးဘဲ မြို့ပေါ်လုံခြုံရေး အခြေအနေများအပေါ် ဒေသခံများအကြား စိုးရိမ်မှုများ မြင့်တက်နေကြသည်။