မြန်မာအပေါ် အာဆီယံက ဘုံသဘောတူညီချက် ၅ ရပ်အတိုင်း ဆက်လက်ကိုင်စွဲသွားမည်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မေလ ၁၂ ရက်။ 

ဖိလစ်ပိုင်နိုင်ငံ၊ ဆီဗူးမြို့တွင် ကျင်းပခဲ့သည့် (၄၈) ကြိမ်မြောက် အာဆီယံထိပ်သီးညီလာခံ၌ မြန်မာ့အရေးဖြေရှင်းရန် ၂၀၂၁ ခုနှစ်တွင် ချမှတ်ခဲ့သည့် “ဘုံသဘောတူညီချက် ၅ ရပ်” (Five-Point Consensus) သည် အဓိကလမ်းညွှန်ချက်အဖြစ် ဆက်လက်တည်ရှိကြောင်း အာဆီယံခေါင်းဆောင်များက ထပ်လောင်းအတည်ပြုခဲ့ကြသည်ဟု China Daily သတင်းတွင် ဖော်ပြသည်။  

မြန်မာနိုင်ငံအတွင်း ပဋိပက္ခများ ပိုမိုပြင်းထန်လာခြင်း၊ လူသားချင်းစာနာမှုဆိုင်ရာ အကြပ်အတည်းများ ဆိုးရွားလာခြင်းနှင့် ငြိမ်းချမ်းရေးအစီအစဉ် အကောင်အထည်ဖော်မှုတွင် တိုးတက်မှု အနည်းငယ်သာ ရှိနေခြင်းတို့အပေါ် အာဆီယံခေါင်းဆောင်များက အထူးစိုးရိမ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

ယခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌ၊ ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာက မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ လက်ရှိတွင် ရပ်တန့်နေသည့်အခြေအနေ (moribund process) သို့ ရောက်ရှိနေပြီး ယင်းကို ပြောင်းလဲနိုင်ရန် အဖွဲ့ဝင်နိုင်ငံများကြား နည်းလမ်းသစ်များ ရှာဖွေနေကြောင်း ပြောကြားခဲ့သည်။ 

ထို့ပြင် အာဆီယံခေါင်းဆောင်များသည် မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတအဖြစ် ရွေးချယ်ခံရမှုအပေါ် တရားဝင်အသိအမှတ်ပြုရန် ငြင်းဆိုထားသလို၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ပေးရန်လည်း ထပ်မံတောင်းဆိုခဲ့သည်။ 

အာဆီယံအတွင်းရေးမှူးချုပ် ဒေါက်တာ ကာအိုကင်ဟွန်းကမူ မကြာမီကာလအတွင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးနှင့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများကြား ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ဆွေးနွေးပွဲတစ်ရပ် ပြုလုပ်ရန် သဘောတူညီမှုရရှိထားကြောင်း ပြောကြားသည်။

အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်သည့် မလေးရှား၊ အင်ဒိုနီးရှားနှင့် စင်ကာပူနိုင်ငံတို့က မြန်မာ့အရေးတွင် ပိုမိုတင်းမာသည့် ရပ်တည်ချက်များရှိနေပြီး မလေးရှားနိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံအတွင်း 

အရပ်သားများအပေါ် အကြမ်းဖက်မှုများ ရှိနေဆဲဖြစ်သဖြင့် မြန်မာခေါင်းဆောင်များအနေဖြင့် အာဆီယံအစည်းအဝေးများတွင် နေရာပြန်ရရန် အဆင်သင့်မဖြစ်သေးကြောင်း ပြောကြားခဲ့သည်။ 

တစ်ဖက်တွင်လည်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက အာဆီယံထိပ်သီးညီလာခံ၏ ရလဒ်များအပေါ် တုံ့ပြန်ရာ၌ အဖွဲ့ဝင်အချို့၏ ရပ်တည်ချက်များကြောင့် မြန်မာနိုင်ငံအပေါ် ခွဲခြားဆက်ဆံသည့် အစီအမံများ ပြုလုပ်နေခြင်းမှာ မြန်မာပြည်သူများ၏ အမှန်တကယ်ဆန္ဒကို လျစ်လျူရှုရာရောက်ကြောင်း ဝေဖန်ပြောကြားခဲ့သည်။

ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံအတွင်း နေရပ်စွန့်ခွာရသူ ၃ ဒသမ ၆ သန်းကျော်ရှိနေပြီး မန္တလေးတိုင်းအတွင်း စစ်ဆင်ရေးများကြောင့် ဒေသခံသောင်းနှင့်ချီ၍ ထပ်မံထွက်ပြေးနေရသည်ဟု ဆိုသည်။ 

ထို့ပြင် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ကလည်း မြန်မာပြည်သူ ၈ သန်းခွဲကျော်မှာ စားနပ်ရိက္ခာ မလုံလောက်မှုနှင့် ရင်ဆိုင်နေရကြောင်း သတိပေးထားသည်။