ဒေါ်နယ်ထရန့်ကို ရှီကျင့်ဖျင် ကော်ဇောနီဖြင့် ကြိုဆို
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မေလ ၁၄ ရက်။
ကမ္ဘာ့အင်အားကြီးနှစ်နိုင်ငံဖြစ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုတို့မှ ထိပ်သီးခေါင်းဆောင်နှစ်ဦးသည် ယနေ့တွင် ပေကျင်းမြို့ရှိ ပြည်သူ့ခမ်းမဆောင်ကြီးရှေ့၌ တွေ့ဆုံခဲ့ကြသည်။
တရုတ်သမ္မတ ရှီကျင့်ဖျင်သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အား ကော်ဇော်နီခင်း၍ ခမ်းနားထည်ဝါစွာ ကြိုဆိုခဲ့သည်။
အဆိုပါအခမ်းအနားတွင် စစ်ရေးပြအခမ်းအနားများနှင့် ကလေးငယ်များ၏ ကြိုဆိုနှုတ်ဆက်မှုများ ထည့်သွင်းကျင်းပခဲ့သည်။
တွေ့ဆုံဆွေးနွေးပွဲမစတင်မီ သမ္မတရှီကျင့်ဖျင်က နှစ်နိုင်ငံအကြား ပြိုင်ဘက်များအဖြစ် ရှုမြင်ခြင်းထက် မိတ်ဖက်များအဖြစ် လက်တွဲဆောင်ရွက်သွားရန် တိုက်တွန်းပြောကြားခဲ့သည်။
အလားတူ သမ္မတဒေါ်နယ်ထရမ့်ကလည်း သမ္မတရှီကျင့်ဖျင်အား ခေါင်းဆောင်ကောင်းတစ်ဦးအဖြစ် ချီးကျူးစကားဆိုခဲ့ပြီး ၎င်းနှင့် မိတ်ဆွေဖြစ်ရသည်ကို ဂုဏ်ယူကြောင်းနှင့် နှစ်နိုင်ငံဆက်ဆံရေးမှာ ယခင်ကထက် ပိုမိုခိုင်မာလာမည်ဖြစ်ကြောင်း တုံ့ပြန်ပြောကြားခဲ့သည်။
အဆိုပါခရီးစဉ်တွင် သမ္မတထရမ့်နှင့်အတူ Tesla အမှုဆောင်အရာရှိချုပ် အီလွန်မတ်စ်နှင့် Nvidia အမှုဆောင်အရာရှိချုပ် ဂျန်ဆင်ဟွမ်တို့ကဲ့သို့သော နည်းပညာထိပ်သီးလုပ်ငန်းရှင်များလည်း လိုက်ပါလာကြသည်။
အမေရိကန်ဘဏ္ဍာရေးဝန်ကြီးသည် အင်္ဂါနေ့က ဂျပန်နိုင်ငံတွင် ဝန်ကြီးချုပ် စနိုင်းတာကာအိချီနှင့် တွေ့ဆုံခဲ့ပြီး မနေ့က တောင်ကိုရီးယားနိုင်ငံတွင် တရုတ်ဒုသမ္မတဦးဆောင်သောအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
သမ္မတထရမ့်သည် အမေရိကန်စက်မှုလုပ်ငန်းများအတွက် တရုတ်ဈေးကွက်သို့ ပိုမိုဝင်ရောက်ခွင့်ရရှိရန် တောင်းဆိုသွားမည်ဖြစ်ပြီး နှစ်နိုင်ငံကုန်သွယ်ရေးအဖွဲ့များကြား အပြုသဘောဆောင်သည့် ရလဒ်များ ထွက်ပေါ်နေကြောင်း တရုတ်အစိုးရပိုင်မီဒီယာများက ဖော်ပြသည်။
သို့သော်လည်း ဆွေးနွေးပွဲတွင် အခွန်တိုးမြှင့်မှု၊ နည်းပညာယှဉ်ပြိုင်မှု၊ အီရန်စစ်ပွဲနှင့် ထိုင်ဝမ်အရေးကဲ့သို့သော ထိရှလွယ်သည့် ကိစ္စရပ်များကိုလည်း ထည့်သွင်းဆွေးနွေးရန် ရှိနေသည်။
သမ္မတထရမ့်သည် ၂၀၁၇ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် တရုတ်နိုင်ငံသို့ လာရောက်ခြင်းဖြစ်သည်။
ခေါင်းဆောင်နှစ်ဦးသည် ယနေ့ညနေပိုင်းတွင် ကျင်းပမည့် နိုင်ငံတော်ဧည့်ခံပွဲ အခမ်းအနားသို့ ဆက်လက်တက်ရောက်မည်ဖြစ်သည်။