ဝ နယ်အတွင်း ကျားဖြန့်လုပ်ငန်းမှ သတ္တုတွင်းကျွန်ပြုမှုအထိ ဖြစ်လာဟု SHRF ဆို

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မေလ ၂၀ ရက်။

ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်အတွင်းရှိ အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) များတွင် ငွေရှာ မပေးနိုင် တော့သည့် မြန်မာလူငယ်များကို မိုင်းယွန်းမြေရှားသတ္တုတွင်းများသို့ ‘ကျွန်’ အဖြစ် ရောင်းစားနေဟု SHRF က ထုတ်ပြန်သည်။

တာချီလိတ်ကျားဖြန့်ဂိုဏ်းများက အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) များတွင် ငွေရှာမပေးနိုင်တော့သည့် မြန်မာ လူငယ်များကို မိုင်းယွန်းဒေသရှိ တရုတ်မြေရှားသတ္တုတွင်းများသို့ ‘ကျွန်’ အဖြစ် ရောင်းစားမှုများ ရှိနေ ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) က မေလ ၁၉ ရက် ယမန်နေ့တွင် အစီရင်ခံစာ ထုတ်ပြန်လိုက်သည်။

အဆိုပါအစီရင်ခံစာအရ တာချီလိတ်မြို့ ‘ဝ’ (UWSA) ထိန်းချုပ်ရာ “ရောင်နီဦး” ဝင်းအတွင်းရှိ အွန်လိုင်းငွေလိမ် ကုမ္ပဏီများသည် ၎င်းတို့ထံတွင် လုပ်ကိုင်နေသည့် လူငယ်များကို ငွေအလွဲသုံးစားလုပ်သည်ဟု မတရားစွပ်စွဲကာ အကြွေးတင်အောင် ပြုလုပ်ပြီးနောက်၊ အဆိုပါ အကြွေးဆပ်ရန်အတွက် မိုင်းယွန်းဒေသရှိ သတ္တုတွင်းများသို့ တစ်ဆင့်ပြန်လည်ရောင်းချနေခြင်း ဖြစ်သည်ဟု သိရသည်။

SHRF ပြောရေးဆိုခွင့်ရှိသူ ယိင်းလျန်းဟန် က အဲလိုရောင်းစားခံရတဲ့သူ တော်တော်များများက ထွက်ပြေးဖို့ ကြိုးစားတဲ့သူတွေ၊ ဒါမှမဟုတ် မြို့မှာသူတို့ မထိန်းချုပ်နိုင်တော့တဲ့ နေရာမှာရှိတဲ့ သူတွေကို ရောင်းစား လိုက် တာလို့ သိထားပါတယ် ဟု ပြောသည်။

SHRF သည် ထိုဖြစ်စဉ်ကို စုံစမ်းဖော်ထုတ်ရန်အတွက် ကျားဖြန့်ဝင်းအတွင်း အလုပ်လုပ်ခဲ့ဖူးသူ ၁၂ ဦးကို မေးမြန်းခဲ့ရာ ၎င်းတို့အနက် ၈ ဦးမှ ၉ ဦးခန့်မှာ လုပ်ငန်းခွင်အတွင်း စကားမနားထောင်ပါက သတ္တုတွင်းသို့ ရောင်းစားပစ်မည်ဖြစ်ကြောင်း ခြိမ်းခြောက်မှုများ ဆိုးရွားစွာ ခံခဲ့ရသည်ဟု ထွက်ဆိုထားကြသည်။

ကျားဖြန့်လုပ်ငန်းမှသည် သတ္တုတွင်းကျွန်ပြုမှုအထိ ကူးပြောင်းလာသည့် ရာဇဝတ်မှုပုံစံသစ်နှင့် ပတ်သက်၍ လည်း ယိင်းလျန်းဟန် က ယခုကဲ့သို့ ဆက်ပြောသည်။

ဒါမျိုးဖြစ်တာကတော့ ကြာပြီပေါ့နော်။ အရင်ကတော့ ဒီလိုမျိုး သတ္တုတွင်းတွေဆီ မပို့ဘဲနဲ့ ပြည့်တန်ဆာခန်း တွေဆီကို ရောင်းစားတာ ဒါမှမဟုတ် တရုတ်ဘက်ကို မိန်းမအနေနဲ့ ဒီလို ရောင်းစားတာမျိုး ကျမတို့ ကြုံဖူး တယ်ပေါ့နော်။ ဒီလိုမျိုး ငွေလိမ် လုပ်တာလည်း ကြာဖူးတယ်။ ဒါပေမဲ့ ဒီတစ်ခါမှ ကျမတို့က အင်တာဗျူးခွင့် ရတာရှင့်။

မိုင်းယွန်းဒေသရှိ တရုတ်မြေရှားသတ္တုတွင်းများတွင် UWSA ၏ အကျဉ်းသား ၃၀ ခန့်နှင့်အတူ ရောင်းစားခံ ရ သည့် မြန်မာလူငယ်များကို ရောနှောကာ သံခြေကျင်းခတ်၍ ပင်ပန်းဆင်းရဲလှသည့် မြေတူးခြင်းနှင့် အလုပ်ကြမ်း များကို အဓမ္မခိုင်းစေနေကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ 

လက်ရှိတွင် ဤသို့ ရောင်းစားခံရသူ မည်မျှရှိသည်ကို အတိအကျ မသိရသေးဘဲ ၃ ဦးကိုသာ အတည်ပြုနိုင် သေးကြောင်း ဆိုသည်။

အဆိုပါ လူကုန်ကူးမှုဖြစ်စဉ်တွင် စစ်တပ်လက်အောက်ခံ ရဲအရာရှိကိုယ်တိုင် ပါဝင်ပတ်သက်နေပြီး တာချီလိတ်မှ မိုင်းယွန်းအထိ ကားဖြင့် လိုက်ပါပို့ဆောင်ပေးကာ UWSA စစ်သားများထံ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ကြောင်း သတ္တုတွင်းမှ လွတ်မြောက်လာသူ ကိုသက် (အမည်လွှဲ) က ထွက်ဆိုထားသည်။ 

ထို့နောက် သတ္တုတွင်းအတွင်း၌ သံခြေကျင်းခတ်ကာ အဓမ္မခိုင်းစေခြင်းနှင့် ရိုက်နှက်နှိပ်စက်ခြင်းများကို ခံခဲ့ရ ကြောင်း ကိုသက်က ပြောသည်။

SHRF ၏ လေ့လာဆန်းစစ်ချက်အရ ရှမ်းပြည်မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် ‘၁၀၂၇ စစ်ဆင်ရေး’ အတွင်း နှိမ်နင်းခံရမှုများကြောင့် တရုတ်အွန်လိုင်းငွေလိမ်လုပ်ငန်းရှင် အမြောက်အမြားသည် တာချီလိတ်ဒေသသို့ ပြောင်းရွှေ့အခြေစိုက်လာခြင်း ဖြစ်သည်။ 

ယခုအခါ တရုတ်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီများက မိုင်းယွန်းနှင့် ပတ်ဝန်းကျင်ဒေသများတွင် မြေရှားသတ္တု တူးဖော် ရေး လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ချဲ့ထွင်လုပ်ကိုင်နေပြီး လိုအပ်သော လုပ်အားကို တာချီလိတ် ကျားဖြန့် ဂိုဏ်းများထံမှ လူကုန်ကူးခံရသူများကို ‘ကျွန်’ အဖြစ် ဝယ်ယူဖြည့်တင်းနေကြခြင်း ဖြစ်သည်။

ထို့ကြောင့် စစ်တပ်၊ UWSA နှင့် တရုတ်ရာဇဝတ်ဂိုဏ်းများ ပါဝင်ပတ်သက်နေသော အဆိုပါ ဒုစရိုက်ကွင်းဆက် ကို အမြန်ဆုံးရပ်တန့်နိုင်ရန်အတွက် အာဆီယံ၊ နိုင်ငံတကာအသိုင်းအဝိုင်းနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ အနေဖြင့် ထိရောက်စွာ ဖိအားပေးဆောင်ရွက်ကြရန် SHRF က တောင်းဆိုထားသည်။