ရှန်ဂရီလာ ဒိုင်ယာလော့၊ ရုရှား ဖိုရမ်နဲ့ မြန်မာစစ်အုပ်စုရဲ့ ခြေလှမ်း
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁ ရက်။
ပြီးခဲ့သည့် အပတ် မေလ ကုန်ပိုင်းက စင်ကာပူ နိုင်ငံတွင် အမေရိကန် ပါဝင်သည့် ရှန်ဂရီလာ ဆွေးနွေးပွဲ (Shangri-la Dialogue) ကျင်းပခဲ့သလို ရုရှားနိုင်ငံ၊ မော်စကိုမြို့တွင်လည်း ရုရှား ဦးဆောင်သည့် ပထမအကြိမ် နိုင်ငံတကာ လုံခြုံရေးဖိုရမ် (International Security Forum) တို့ကို ကျင်းပခဲ့ကြသည်။
စင်ကာပူနိုင်ငံတွင် မေလကုန်ပိုင်းက ကျင်းပခဲ့သည့် (၂၄) ကြိမ်မြောက် ရှန်ဂရီလာ ဆွေးနွေးပွဲ (Shangri-La Dialogue 2026) တွင် အမေရိကန်နှင့် တရုတ်နိုင်ငံတို့အကြား တိုးမြင့်လာသည့် ပြိုင်ဆိုင်မှုများက အဓိက လွှမ်းမိုးခဲ့သည်။
အဆိုပါ လုံခြုံရေးညီလာခံတွင် အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိ(ထ်) ဟက်ဂ်ဆက် (Pete Hegseth) က ဒေသတွင်း တည်ငြိမ်မှုကို ထိန်းညှိနိုင်ရန်အတွက် အာရှရှိ အမေရိကန်မဟာမိတ်နိုင်ငံများအနေဖြင့် မိမိတို့၏ စစ်ရေးအသုံးစရိတ်နှင့် လက်နက်တပ်ဆင်မှုများကို ပိုမိုတိုးမြှင့်ကြရန် တိုက်တွန်းခဲ့သည်။
အထူးသဖြင့် တရုတ်နိုင်ငံ၏ စစ်ရေးအင်အား အရှိန်အဟုန်ဖြင့် ချဲ့ထွင်လာမှုကို တုံ့ပြန်ရန်အတွက် ဒေသတွင်း မဟာမိတ်ကွန်ရက်များကို ပူးပေါင်းကာကွယ်ရေးပုံစံဖြင့် အားဖြည့်ရန် အမေရိကန်က ကြိုးပမ်းလျက် ရှိသည်။
စတော့ဟုမ်း အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေး သုတေသနအဖွဲ့ (SIPRI) ၏ အစီရင်ခံစာအရ အာရှ-ပစိဖိတ်ဒေသ၏ စစ်ရေးအသုံးစရိတ်သည် ၂၀၂၅ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၆၈၁ ဘီလီယံအထိ (၈ ဒသမ ၁ ရာခိုင်နှုန်း) တိုးတက်လာခဲ့ပြီး ဒေသတွင်း နိုင်ငံများသည် သံတမန်ရေးရာ ဆွေးနွေးမှုများထက် လက်နက်အင်အား တိုးမြှင့်ခြင်းဖြင့် လုံခြုံရေးကို တည်ဆောက်ရန် ပိုမိုဦးတည်လာကြသည်။
တစ်ချိန်တည်းမှာပင် ရုရှားနိုင်ငံ၊ မော်စကိုမြို့၌ ရုရှားလုံခြုံရေးကောင်စီက ဦးဆောင်၍ “ပထမအကြိမ် နိုင်ငံတကာ လုံခြုံရေးဖိုရမ်” (1st International Security Forum) ကို မေလ ၂၆ ရက်မှ ၂၉ ရက်အထိ ကျင်းပခဲ့သည်။
အမေရိကန်-အစ္စရေးနှင့် အီရန်အကြား တင်းမာမှုများ၊ ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့မှုများနှင့် ယူကရိန်းပဋိပက္ခများ ဖြစ်ပွားနေသည့် ကာလအတွင်း အနောက်အုပ်စု၏ လုံခြုံရေးစနစ်ကို တန်ပြန်ရန် ရုရှားက ဤဖိုရမ်ကို ပလတ်ဖောင်းတစ်ခုအဖြစ် အသုံးချခဲ့ခြင်း ဖြစ်သည်။
နိုင်ငံပေါင်း ၁၂၀ ကျော်မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ရာ မြန်မာနိုင်ငံမှ အမျိုးသားလုံခြုံရေး ဆိုင်ရာ အကြံပေးပုဂ္ဂိုလ်နှင့် သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်ဆန်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့လည်း တက်ရောက်ခဲ့သည်။
ခရီးစဉ်အတွင်း မြန်မာနှင့် ရုရှားအကြား “ပူးတွဲသတင်းအချက်အလက် လုံခြုံရေးဗဟိုဌာန တည်ထောင်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoU)” နှင့် ကာလလတ် စီမံကိန်းဖြစ်သည့် “နိုင်ငံတကာ သတင်းအချက်အလက် လုံခြုံရေးနယ်ပယ်အတွင်း ပူးပေါင်းဆောင်ရွက်ရေး အကောင်အထည်ဖော်မှု အစီအစဉ် (၂၀၂၆-၂၀၂၉)” တို့ကို လက်မှတ်ရေးထိုးခဲ့ကြသည်။
မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှား၊ ဘီလာရုဇ် နိုင်ငံတို့အပြင် ဒေသတွင်း အင်အားကြီးနိုင်ငံများ ဖြစ်ကြသည့် တရုတ်၊ အိန္ဒိယနှင့် ထိုင်းနိုင်ငံတို့မှ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်များနှင့် သီးသန့်တွေ့ဆုံကာ စစ်ရေး၊ စီးပွားရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာလွှဲပြောင်းရေး ကဏ္ဍများကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်ဟု မြန်မာရုပ်မြင်သံကြား သတင်းတွင် ထုတ်လွှင့်သွားခဲ့သည်။