မိုးဦးကာလ ကရင်နီစစ်ရှောင်စခန်းများတွင် ကူးစက်ရောဂါမျိုးစုံ ဖြစ်ပွားနေ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁ ရက်။

ကရင်နီပြည်နှင့် ရှမ်း-ကရင်နီနယ်စပ်ရှိ စစ်ဘေးရှောင်စခန်းများတွင် မိုးဦးကျကာလအတွင်း ဆေးဝါးပြတ်လပ်မှု၊ ဝင်ငွေမဲ့မှုတို့နှင့်အတူ ငှက်ဖျား၊ သွေးလွန်တုတ်ကွေး အပြင် အသက်ရှူလမ်းကြောင်းဆိုင်ရာနှင့် အရေပြား ကူးစက်ရောဂါမျိုးစုံ ဖြစ်ပွားလာနေကြောင်း မြေပြင်သတင်းရင်းမြစ်များက ပြောသည်။

စစ်ဘေးရှောင်များနှင့် ဒေသခံပြည်သူများသည် တောတောင်များနှင့် စစ်ရှောင်စခန်းများအတွင်း ပြည့်သိပ် ကျပ်ညပ်စွာ နေထိုင်နေကြရသဖြင့် ရောဂါကူးစက်မှုနှုန်းမှာ ယခင်ကထက် ပိုမိုမြန်ဆန်နေပြီး ရာသီတုပ်ကွေး၊ အရေပြားယားနာ၊ ငှက်ဖျားနှင့် ပါးချိတ်ရောင်ရောဂါများပါ ကလေးလူကြီးမရွေး ကူးစက်ခံနေရသည်။ 

ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေး ကောင်စီ (IEC) ၏ ၂၀၂၅ ခုနှစ် စာရင်းဇယားများအရပင် တစ်နှစ်အတွင်း ကရင်နီ ပြည်၌ ဆေးခန်းပုံမှန်လာပြရသည့် လူနာပေါင်း ကိုးသောင်းကျော် (၉၂,၅၇၇ ဦး) အထိ ရှိခဲ့ရာ ယခုနှစ် မိုးရာသီတွင် လူနာဦးရေ ယခုထက် ပိုမိုမြင့်တက်လာနိုင်ကြောင်း ကျန်းမာရေးဝန်ထမ်းများက ခန့်မှန်းနေကြ သည်။

ဒီးမော့ဆိုမြို့နယ်မှ စစ်ဘေးရှောင်အမျိုးသားတစ်ဦးက တောထဲတောင်ထဲ စုပြုံနေရတော့ တစ်ယောက်ဖြစ်ရင် အကုန်ကူးတာပဲ။ ဆေးခန်းသွားပြန်တော့လည်း အလကားပေးတဲ့ဆေးက မလောက်ဘူး။ အပြင်ဆေးဆိုင်မှာ ကိုယ်တိုင်ဝယ်ရတော့ ကုန်ဈေးနှုန်းက တက်၊ ဝင်ငွေကမရှိနဲ့ ဆေးဖိုးဝါးခကတင် ကျ နော်တို့အတွက် ငွေကုန် ကြေးကျ အရမ်းများပြီး အတော်လေး ခက်ခဲနေရပါတယ်” ဟု ဟု ပြောသည်။

အလားတူ ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်းက ထေခိုကျေးရွာနှင့် ဒီးမော့ဆိုရှိ စစ်ရှောင်စခန်း အချို့တွင် မေလဒုတိယပတ်မှစ၍ မေလကုန်ထိ ၁၅ နှစ်အောက် ကလေးငယ်များအကြား ပါးချိတ်ရောင်ရောဂါ (Mumps) ကူးစက်မှု အရှိန်အဟုန်ဖြင့် ပြန့်ပွားနေသည်။ 

ကျေးရွာများထဲက ကလေးတိုင်းနီးပါး ပါးချိတ်ရောင်ရမ်းမှုကို ကြုံတွေ့နေရသော်လည်း သွားလာရေးစရိတ် ကြီးမြင့်မှုကြောင့် ဆေးရုံဆေးခန်းမပြနိုင်ဘဲ ဖြစ်နေကြရသည်။

ဖရူဆိုအနောက်ခြမ်းမှ ဒေသခံအမျိုးသမီးတစ်ဦးက ကလေးတွေက ဖျားပြီး နားရွက်အောက်တွေမှာ  ဖောင်း နေတယ်။ ဆေးခန်းပြချင်ရင်လည်း သွားလို့ မရဘူး။ ဆီဈေး ကြီးတာရော လမ်းခရီးလုံခြုံရေး အခြေအနေတွေ ကလည်း စိတ်မချရတော့ မြို့ပေါ်ဆေးခန်းကိုလည်း မသွားနိုင်ကြဘူး ဟု ပြောသည်။

ထို့ပြင် ဖရူဆိုမြို့နယ် ထားလဲစစ်ဘေးရှောင်စခန်းတွင်လည်း အသက် ၁ နှစ်မှ ၁၄ နှစ်ကြား ကလေးငယ်များ အပါအဝင် လူကြီး၊ ကလေး အကုန်နီးပါး တစ်လနီးပါးကြာသည်အထိ အမြစ်မပြတ်ဘဲ အရေပြားယားနာ ရောဂါများ ခံစားနေရသည်။ 

အဆိုပါ စခန်းတွင် အခြေစိုက်ဆေးခန်းမရှိသလို၊ အနီးဆုံးဆေးခန်းသို့ သွားရောက်ရန် ၂ နာရီခန့် သွားရသည့် အပြင် ကျန်းမာရေးဝန်ထမ်းများမှာလည်း ၃ လမှ တစ်ကြိမ်သာ လာရောက်နိုင်သဖြင့် ဆေးဝါးပြတ်လပ်မှုနှင့် ဆိုးဆိုးရွားရွား ကြုံတွေ့နေကြရသည်။

အခြားတစ်ဖက်တွင်လည်း လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းရှိ စစ်ဘေးရှောင်စခန်း ၄ စုမှ လူဦးရေ ၁ သောင်း ကျော်ကြားတွင်လည်း မိုးရွာသွန်းမှုနှင့်အတူ ခြင်အန္တရာယ်ကြောင့် ငှက်ဖျားရောဂါ အစုလိုက်အပြုံလိုက် ဖြစ်ပွားလျက်ရှိသည်။ 

ဆေးခန်းသို့ ရောက်ရှိလာသည့် လူနာ ၁၀ ဦးတွင် ၈ ဦးခန့်မှာ ငှက်ဖျားရောဂါလက္ခဏာများ ပြသနေကြောင်း မြေပြင်ရှိ ကျန်းမာရေးဝန်ထမ်းများက ဆိုသည်။ 

လက်ရှိတွင် ငှက်ဖျားရောဂါ ကာကွယ်နိုင်ရန်အတွက် စစ်ရှောင်စခန်းများတွင် ခြင်ထောင်အရေးပေါ် လိုအပ်နေ သည်ဟု စစ်ဘေးရှောင်များကို ကူညီပေးနေသည့် ကယားလီဖုအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လွိုင်ကော်အရှေ့ဘက်ခြမ်းမှ စစ်ရှောင်အမျိုးသားတစ်ဦးကဒီမှာက မိုးကျလာတော့ ခြင်တွေက နေရာတိုင်းမှာ ပဲ။ ညဘက်ဆိုရင် ခြင်ထောင်မပါဘဲ လုံးဝအိပ်လို့မရဘူး။ ဆေးခန်းမှာလည်း ရှိတဲ့ဆေးလေးနဲ့ပဲ လောက်အောင် ကုနေရတာ ဟု ပြောသည်။

စစ်ဘေးရှောင်များ ရင်ဆိုင်နေရသည့် ကျန်းမာရေးအကျပ်အတည်းမှာ ထိုမျှနှင့်တင် မရပ်တန့်သေးပေ။ ရှမ်းပြည် နှင့် ကရင်နီပြည်အစပ်ရှိ အိမ်ခြေ ၂၀၀ ကျော်၊ လူဦးရေ ၂,၀၀၀ ကျော် ခိုလှုံနေသည့် ကြေးတုံစစ်ဘေး ရှောင်စခန်း တွင်လည်း မိုးဦးကျဖျားနာမှုများအပြင် သက်ကြီးပိုင်းများတွင် သွေးတိုး၊ ဆီးချိုကဲ့သို့ နာတာရှည် ရောဂါများ အတွက် ဆေးဝါးဝယ်ယူရန် ငွေကြေးမတတ်နိုင်ကြတော့ဘူးဟု ကရင်နီသတင်းဌာနဖြစ်သည့် ကန္တာရဝတီတိုင်း(မ်) သတင်းဌာနက သတင်းတွင် ဖော်ပြထားသည်။ 

ထို့ပြင် ပြီးခဲ့သည့် မေလ ၁၇ ရက်နေ့က ကြေးတုံစခန်းမှ အသက် ၄၀ အရွယ် အမျိုးသားတစ်ဦးသည် ချောင်းဆိုး သွေးပါကာ ဆေးရုံသို့ ပို့ဆောင်စဉ်လမ်း၌ သေဆုံးသွားခဲ့ရသည်။ ၎င်းသေဆုံးမှုသည် သွေးလွန်တုပ်ကွေးရောဂါ လက္ခဏာဟု သံသယရှိနေကြသဖြင့် စစ်ရှောင်လူထုအကြား ထိတ်လန့်စိုးရိမ်မှုများ ပိုမိုမြင့်တက်နေသည်။

လက်ရှိအခြေအနေတွင် ကရင်နီပြည်အနှံ့ရှိ စစ်ဘေးရှောင်စခန်းများ၌ ကျန်းမာရေးစောင့်ရှောက်မှု ယန္တရားမှာ အလှူရှင်များအပေါ်တွင်သာ မှီခိုနေရပြီး ဆေးဝါးနှင့် လုံလောက်သော အာဟာရဓာတ် ပြတ်လပ်မှုများကြောင့် ကူးစက်ရောဂါများ ကပ်ဆိုးသဖွယ် ဆက်လက်ပြန့်ပွားလာနိုင်သဖြင့် ပြည်တွင်းပြည်ပ လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများ အရေးပေါ် လိုအပ်နေကြသည်။

ဓါတ်ပုံ – NMG, Clean Yangon