စစ်တပ် ပစ်ခတ်သည့် လက်နက်ကြီးကျည်ကျရောက်၍ မိသားစုဝင် ၃ ဦး သေဆုံး
သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၃ ရက်။
တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ် အတွင်း တိုက်ပွဲဖြစ်ပွားနေခြင်း မရှိဘဲ စစ်တပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ကိုင်းသီးနှံစိုက်ပျိုးနေ သည့် မိသားစုဝင်သုံးဦး သေဆုံးသွားခဲ့ကြောင်း ဒေသခံရွာသားများက ပြောသည်။
ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်းရှိ သရက်နှစ်ခွနှင့် ပန်းပြင်ကျေးရွာကြားတွင် ရှိသည့် စစ်တပ်၏ စစ်ဆေးရေးဂိတ်က သင်းကျွန်းကျေးရွာဘက်သို့ ပြီးခဲ့သည့် ဇွန်လ ၁ ရက်နေ့ ညနေ ၄ နာရီခန့်က လက်နက်ကြီးဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် နှစ်လုံးသည် စစ်ဆေးရေးဂိတ်၏ အနောက်မြောက်ဘက် သုံးကီလိုမီတာကျော်ခန့်အကွာရှိ သင်းကျွန်းကျေးရွာအနီးသို့ ကျရောက်ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။
ထိုသို့ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ကိုင်းသီးနှံစိုက်ပျိုးနေသည့် ဦးမီးလောင်နှင့် ဇနီးဖြစ်သူ ဒေါ်မူ၊ ဦးမီးလောင် ၏ အစ်မဖြစ်သူ ဒေါ်ရွှေငါးတို့ မိသားစုသုံးဦးစလုံး ကျည်စထိမှန်ကာ နေရာတွင်ပင် သေဆုံးသွားခဲ့ရကြောင်း ဒေသခံရွာသားများက ပြောသည်။
အသက် ၃၅ နှစ်အရွယ် ဒေသခံအမျိုးသမီးတစ်ဦးက “သနားဖို့ကောင်းတယ် သူတို့လင်မယားမှာ သားသမီးလဲ မရှိကြဘူး၊ သီးနှံစိုက်နေချိန်မှာဖြစ်တာ ယောင်္ကျား ဖြစ်သူရဲ့ အစ်မ ရော မိသားစု သုံးယောက်စလုံး သေသွား တာ” ဟု ပြောသည်။
သေဆုံးသွားသည့် မိသားစုဝင်များ၏ ရုပ်အလောင်းများကို ထားဝယ်ပြည်သူ့ဆေးရုံကြီးမှ တစ်ဆင့် ပြန်လည် သယ်ဆောင်လာပြီး သင်းကျွန်းကျေးရွာသုသာန်၌ သင်္ဂြိုဟ်ရန် စီစဉ်ခဲ့ကြသည်။
သရက်ချောင်းမြို့နယ်အတွင်းရှိ စစ်တပ်စခန်းများနှင့် စစ်ဆေးရေးဂိတ်များသည် အရပ်သားပြည်သူများရှိရာ ကျေးရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် မကြာခဏ ရမ်းသန်းပစ်ခတ်လေ့ရှိသည်ဟု ဒေသခံရွာသားများက ပြောသည်။
အလားတူ ပြီးခဲ့သည့် မေလနှောင်းပိုင်းကလည်း သင်းကျွန်းကျေးရွာဘက်သို့ လက်နက်ကြီးဖြင့် နှစ်ကြိမ်တိုင်တိုင် ပစ်ခတ်ခဲ့ရာ ကျည်တစ်လုံးမှာ ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့သဖြင့် နေအိမ်တစ်ဆောင် ထိမှန်ပျက်စီးခဲ့ သည့် ဖြစ်စဉ်ရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။