ချင်းတောင်ပိုင်း မင်းတပ်တွင် တိုက်ခိုက်မှုများ ပြင်းထန်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၄ ရက်။
ချင်းပြည်တောင်ပိုင်း၊ မင်းတပ်မြို့နယ်ကို စစ်တပ်က အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာသဖြင့် မြို့နှင့် ၁၀ မိုင်အကွာဝန်းကျင်၌ နှစ်ဖက်တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေပြီး၊ ဒေသခံများ ဘေးလွတ်ရာသို့ အရေးပေါ် ထွက်ပြေးတိမ်းရှောင်နေရသည်။
စစ်တပ်သည် မင်းတပ်နှင့် ကန်ပက်လက်မြို့နယ်တို့ကို ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် ချင်းတော်လှန်ရေး ပူးပေါင်းတပ်များကို မြေပြင် ထိုးစစ်သာမကဘဲ လေကြောင်းကိုပါ အသုံးပြုလျက်ရှိသည်ဟု ဒေသခံများက ပြောသည်။
ပြီးခဲ့သည့် ဇွန်လ ၃ ရက်နေ့ ညပိုင်းကဆိုလျှင်လည်း မင်းတပ်မြို့နယ်အရှေ့ခြမ်းသို့ ဂျက်ဖိုက်တာဖြင့် ၃ ကြိမ် ထက်မနည်းနှင့် Y-12 လေယာဉ်ဖြင့် ၈ ကြိမ် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
မင်းတပ်ဒေသခံအမျိုးသားတစ်ဦးက “ဇွန်လ ၃ ရက်နေ့ ညသန်းခေါင် ၁၂ ခွဲလောက်နေ စပြီးကြဲတာ။ မင်းတပ် မြို့ နယ်ထဲက နေရာတစ်ခုကို အရင်ကြဲတယ်။ ဂျက်ဖိုက်တာတစ်စီးက ဗုံး ၂ လုံး ကြဲသွားတယ်။ မနက် ၉ ခွဲ လောက်မှာတော့ ကျောက်ထု အမတ ၃၆၈ ထဲကို ထောက်ပို့လေယာဉ်တွေနဲ့ ခဲယမ်းရိက္ခာတွေ ချပေးခဲ့တယ်။ လေထီးတွေလည်း ပါတယ်။ နောက်ပြီးတော့ ည ၁၀ နာရီလောက်ကနေ ၁၁ နာရီထိ မင်းတပ်မြို့ အရှေ့ခြမ်းကို ဂျက်ဖိုက်တာနဲ့ လေးလုံးလာကြဲတယ်။ နှစ်ကြိမ်ပေါ့နေယ်။ Y-12 နဲ့က ၈ ကြိမ်ကြဲသွားတယ်” ဟု ပြောသည်။
ထို့ပြင် ယနေ့ (ဇွန်လ ၄ ရက်) နံနက်ပိုင်းက ယောဒေသ၊ ကျောက်ထုအခြေစိုက် အမှတ် ၃၆၈ အမြောက်တပ်မှ ကား ၂ စီးဖြင့် ထွက်လာသော စစ်တပ်နှင့် ပြည်သူ့စစ် ပူးပေါင်းအင်အား ၁၀၀ ခန့်သည် မင်းတပ်မြို့နယ်အနီးရှိ ပန်းဆန်ကျေးရွာလမ်းဆုံသို့ ရောက်ရှိနေသည်ဟု ဒေသခံများက ပြောသည်။
စစ်တပ်၏ စစ်ကြောင်းများသည် မြေပြင်တွင်လည်း ကျေးရွာများကို စီးနင်းကာ အရပ်သားများကို ပစ်မှတ်ထား သတ်ဖြတ်လျက်ရှိသည်။
ပြီးခဲ့သည့် မေလ ၃၀ ရက်နေ့က ကျောက်ထုအခြေစိုက် အမြောက်တပ်ဘက်မှ တက်လာသည့် စစ်တပ်နှင့် ပျူစောထီး ပူးပေါင်းစစ်ကြောင်းသည် မင်းတပ်မြို့နယ် ထင်ချောင်းကျေးရွာအတွင်းသို့ ဝင်ရောက်စီးနင်းကာ အသက် ၁၆ နှစ်အရွယ် ၁၀ တန်းကျောင်းသားတစ်ဦးနှင့် အသက် ၆၀ အရွယ် အမျိုးသားတစ်ဦးတို့ကို ရွာထိပ်၌ ပင် ရက်ရက်စက်စက် သတ်ဖြတ်သွားခဲ့သည်။
အဆိုပါ မင်းတပ်ဒေသခံ အမျိုးသားက “ကျောက်ထု အမတ ၃၆၈ တပ်ကနေ မင်းတပ်ဖက်ကို စစ်ကြောင်း ထိုး လာတဲ့ စစ်ကြောင်းက မေလ ၃၀ ရက်နေ့မှာ ထင်ချောင်းရွာထဲက အိမ် ၁၀ လုံးကျော်ကိုလည်း မီးရှို့ ဖျက်ဆီးခဲ့ တယ်။ နောက်ပြီးတော့ အသက် ၁၆ နှစ်အရွယ် ၁၀ တန်းကျောင်းသားနဲ့ အသက် ၆၀ အရွယ် လူကြီး တစ်ယောက်လည်း အသတ်ခံရတယ်” ဟု ပြောသည်။
ထို့ပြင် ပြည်သူ့နေအိမ် ၁၀ လုံးထက်မနည်းကိုလည်း မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း မင်းတပ်မြို့နယ် စစ်ဘေးရှောင် စခန်း စီမံခန့်ခွဲမှုကော်မတီက သတင်းထုတ်ပြန်ထားသည်။
မင်းတပ်စစ်ရှောင်ကော်မတီ၏ စာရင်းဇယားများအရ စစ်အာဏာသိမမင်းတပ်စစ်ရှောင်ကော်မတီ၏ စာရင်းဇယားများအရ စစ်အာဏာသိမ်းပြီးချိန်မှစ၍ လက်ရှိအချိန်ထိ မင်းတပ်မြို့ နယ်အတွင်း စစ်အုပ်စုကြောင့် သေဆုံးခဲ့ရသည့် အရပ်သားပြည်သူ ၇၆၆ ဦးအထိ ရှိလာခဲ့ပြီဖြစ်သည် ။
ထူးခြားချက်မှာ အဆိုပါ သေဆုံးသူများအနက် ၄၀၀ ကျော်မှာ စစ်တပ်၏ လမ်းခရီးပိတ်ဆို့ ဖြတ်တောက်ထားမှု ကြောင့် ဆေးဝါးပြတ်လတ်ကာ နာတာရှည်ရောဂါနှင့် လေဖြတ်ဝေဒနာများကို ရေရှည်ခံစားရပြီး သေဆုံးခဲ့ကြရ ခြင်း ဖြစ်သည်။
လက်ရှိတွင် ချင်းပြည်နယ်တောင်ပိုင်း၌ ဇွန်လမိုးဦးကျကာလသို့ ရောက်ရှိလာပြီဖြစ်၍ တောတောင်များထဲတွင် ဖြစ်သလို ခိုလှုံနေကြရသည့် ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများမှာ မိုးဒဏ်လေဒဏ်ကြား အခက်အခဲ ဖြစ်နေပြီး ၎င်းတို့အတွက် အမိုးအကာ၊ အရေးပေါ်ဆေးဝါးနှင့် စားနပ်ရိက္ခာများ အရေးတကြီး လိုအပ်လျက်ရှိ သည်။