ထိုင်း ဘုရင့်သမီးတော် မင်းသမီးကြီး Bajrakitiyabha  နတ်ရွာစံ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၂ ရက်။ 

ထိုင်းဘုရင်မင်းမြတ် မဟာဝိဇီရာလောင်ကွန်း (King Maha Vajiralongkorn) ရဲ့ သမီးတော်ကြီး ဖြစ်သလို၊ ပြည်သူတွေက Princess Bha လို့ ချစ်စနိုးခေါ်ကြတဲ့ မင်းသမီးကြီး Bajrakitiyabha Narendiradebyavati Kromluangrajasarinisiribajra Mahavajrarajadhita ဟာ ၂၀၂၆ ခုနှစ် ဇွန်လ ၁၁ ရက် ကြာသပတေးနေ့ ညနေ ၇ နာရီ ၄၈ မိနစ်အချိန်မှာ Chulalongkorn Memorial Hospital မှာ နတ်ရွာစံ ကွယ်လွန်သွားခဲ့ပြီ ဖြစ်ကြောင်း တော်ဝင်နန်းတွင်းဗျူရိုက သတင်းထုတ်ပြန်လိုက်ပါတယ်။ 

မင်းသမီးကြီးဟာ နတ်ရွာစံချိန်မှာ သက်တော် ၄၇ နှစ် ရှိပြီဖြစ်ပါတယ်။

မင်းသမီးကြီးဟာ နှလုံးရောဂါအခြေအနေကြောင့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်နေ့ကတည်းက သတိမေ့မြောပြီး ဆေးရုံမှာ ဆေးကုသမှု ခံယူနေခဲ့ရတာပါ။ 

ပြီးခဲ့တဲ့ မေလ ၂၁ ရက်နေ့ကစလို့ အူမကြီးရောင်ရမ်းပြီး ဝမ်းဗိုက်အတွင်း ပိုးဝင်တာ၊ သွေးဖိအားကျတာ၊ နှလုံးခုန်မမှန်တာနဲ့ သွေးခဲမှုမမှန်တဲ့ ရောဂါလက္ခဏာတွေ ထပ်မံဖြစ်ပွားခဲ့လို့ ဆေးအဖွဲ့က အစွမ်းကုန် ကုသပေးခဲ့ပေမယ့် အခြေအနေ ပိုမိုဆိုးရွားလာပြီး ကြာသပတေးနေ့ညမှာပဲ ငြိမ်းချမ်းစွာ နတ်ရွာစံ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။

အခုအခါမှာတော့ ထိုင်းဘုရင်မင်းမြတ်က သမီးတော်ကြီးအတွက် တော်ဝင်ရိုးရာ ဓလေ့ထုံးတမ်းစဉ်လာအတိုင်း အမြင့်ဆုံးဂုဏ်ထူးဆောင် တော်ဝင်ဈာပနအခမ်းအနား ကျင်းပဖို့နဲ့ ရုပ်ကလာပ်တော်ကို မဟာနန်းတော် (Grand Palace) ထဲက ဖီမန်ရတနာခန်းမဆောင်မှာ ကိန်းဝပ်စံပယ်ထားဖို့ အမိန့်တော် ချမှတ်ထားပါတယ်။