ဖရူဆို အနောက်ခြမ်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် သုံးပတ်အတွင်း လူ ၉၀ ခန့် ငှက်ဖျားမိ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၆ ရက်။

ကရင်နီပြည်၊ ဖရူဆိုမြို့အနောက်ခြမ်းရှိ စစ်ဘေးရှောင် စခန်းတစ်ခုတွင် မိုးဦးကျကာလအတွင်း ပုံမှန်မဟုတ်သော ငှက်ဖျားရောဂါပိုး ကူးစက်ပြန့်ပွားမှု အများအပြား ဖြစ်ပွားနေကြောင်း ဒေသတွင်း ကျန်းမာရေးတာဝန်ရှိသူများက ပြောသည်။

လူဦးရေ ၃၀၀ ကျော် ခိုလှုံနေထိုင်သည့် ဖွံ့ဘော်ခွတ်မြို့နယ်အတွင်းရှိ နန်းဖဲစစ်ဘေးရှောင် (နောင်လော်) စခန်းတွင် ပြီးခဲ့သည့် မေလ ၂၅ ရက်မှ ဇွန်လ ၁၂ ရက်နေ့အထိ သီတင်းသုံးပတ်အတွင်း ငှက်ဖျားကူးစက်ခံရသည့် စစ်ဘေးရှောင် ၉၀ ဦးအထိ ရှိလာနေပြီး၊ ၎င်းတို့အနက် ၅ နှစ် အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များ အပါအဝင် အသက်အရွယ်စုံ ဖြစ်ပွားနေခြင်း ဖြစ်သည်။

ယခုနှစ်တွင် ဖြစ်ပွားနေသော ငှက်ဖျားရောဂါသည် ယခင်နှစ်များနှင့်မတူဘဲ ရောဂါပိုးအသွင်မျိုးစုံ ပူးတွဲ ကူးစက် နေခြင်းဖြစ်သည်ဟု ဖွံ့ဘော်ခွတ်မြို့နယ် ကျန်းမာရေးဦးစီးမှူး ဂျူးလစ်ငဲငယ်က ပြောသည်။

အဲ့ဒီရောဂါက အရင်တုန်းကဆို ငှက်ဖျား တစ်မျိုးပဲဖြစ်တာပေါ့နော်။ အခုကျတော့ ငှက်ဖျားက အစုံဖြစ်သွား တယ်၊ သုံးမျိုးရှိတာ သုံးမျိုးလုံး ဖြစ်နေတယ်။ သူက PV ရှိမယ်၊ PF ရှိမယ်၊ Mixed ပေါ့နော် နှစ်မျိုးရောပေါ့။ အခုစစ်ရှောင်မှာဖြစ်တာ စာရင်းထဲမှာဆို ၅ နှစ်အောက် ကလေးတွေလည်းပါတယ်။ ကိုယ်ဝန်ဆောင်လည်း ဖြစ် တယ် ဟု ပြောသည်။

ငှက်ဖျားရောဂါဖြစ်စေသော ပိုးများအနက် PV ($Plasmodium\ vivax$) ပိုးသည် သာမန်လက္ခဏာသာ ပြသ လေ့ရှိသော်လည်း၊ PF ($Plasmodium\ falciparum$) နှင့် နှစ်မျိုးစလုံး ပူးတွဲကူးစက်ခံရသည့် Mixed Infection အခြေအနေသည် အချိန်မီမကုသပါက အသက်အန္တရာယ်ဆုံးရှုံးနိုင်သည်အထိ ရောဂါပြင်းထန် ကြောင်း ဆိုသည်။ 

လက်ရှိတွင် အဆိုပါငှက်ဖျားပိုးကြောင့် သေဆုံးသူ မရှိသေးသော်လည်း ရောဂါကူးစက်မှု ဆက်လက်တိုးလာနိုင် သည့် အခြေအနေ ရှိနေသည်။

လက်ရှိတွင် ကရင်နီ ကျန်းမာရေးဌာနနှင့် နီးစပ်ရာဆေးခန်းများမှ ကူညီထောက်ပံ့ပေးထားသည့် ဆေးဝါးများဖြင့် ကုသပေးနေရသော်လည်း မိုးတွင်းကာလတစ်လျှောက်လုံးအတွက် ဆေးဝါးမလုံလောက်သဖြင့် ထပ်မံလိုအပ် နေဦးမည် ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးမှူးက ပြောသည်။

ဆေးဝါးလုံလောက်မှု အခြေအနေနှင့် ပတ်သက်၍ ဂျူးလစ်ငဲငယ်က ခက်တာက အခုမှ မိုးရာသီစတယ်ဆိုတော့ တစ်မိုးလုံးက ဖြစ်ဦးမယ်ဆိုတော့ အများကြီးတော့ လိုဦးမယ်။ နောက် ငှက်ဖျားဆေး တစ်မျိုးတည်းတော့ မဟုတ်ဘူး၊ တခြားဆေးတွေလည်း လိုတော့လိုတယ်ဟု ဆိုသည်။

ထို့ပြင် စစ်ဘေးရှောင်များအတွက် ဆေးစိမ်ခြင်ထောင်များနှင့် နေ့ခင်းဘက်တွင် အသုံးပြုနိုင်မည့် ခြင်လိမ်းဆေး များလည်း အရေးပေါ် လိုအပ်လျက်ရှိသည်။ နန်းဖဲစစ်ဘေးရှောင်စခန်းအပြင် ဖွံ့ဘော်ခွတ်တစ်မြို့နယ်လုံးတွင် ငှက်ဖျားရောဂါ ဖြစ်ပွားမှုရှိသော်လည်း နောင်လော်စစ်ဘေးရှောင်စခန်းမှာ ရောဂါဖြစ်ပွားမှု အများဆုံးနေရာ ဖြစ်သည်။

အလားတူ ရှမ်း-ကရင်နီနယ်စပ်နှင့် ကရင်နီပြည်ထဲက လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို အစရှိသည့် အခြားသော စစ်ဘေးရှောင်စခန်းများတွင်လည်း မိုးဦးကာလအတွင်း ပြည့်သိပ်ကျပ်ညပ်စွာ နေထိုင်ရမှုနှင့် ဆေးဝါးပြတ်လပ်မှု တို့ကြောင့် ငှက်ဖျားအပါအဝင်၊ သွေးလွန်တုပ်ကွေး၊ ပါးချိတ်ရောင်နှင့် အရေပြားယားနာ စသည့် ကူးစက်ရောဂါ မျိုးစုံ ဖြစ်ပွားလျက်ရှိကြောင်း မြေပြင်သတင်းအရင်းမြစ်များက ဆိုသည်။

ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ၏ စာရင်းများအရ တစ်နှစ်အတွင်း ဆေးခန်းပြသရသူ ကိုးသောင်းကျော်အထိ ရှိခဲ့ပြီး၊ လက်ရှိတွင် ကျန်းမာရေးစောင့်ရှောက်မှု ယန္တရားမှာ အလှူရှင်များအပေါ်တွင်သာ မှီခိုနေရသဖြင့် ပြည်တွင်းပြည်ပ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ အရေးပေါ် လိုအပ်နေ သည်ဟု မြေပြင်သတင်းရင်းမြစ်များက ပြောသည်။