ရုရှားတွင် စက်သုံးဆီပြတ်လပ်နေပြီး အာရှမှ ဓာတ်ဆီပြန်လည်တင်သွင်းရန် ပြင်ဆင်နေ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈ ရက်။
ကမ္ဘာပေါ်တွင် ရေနံနှင့် စက်သုံးဆီ အများဆုံး တင်ပို့နေသည့် ရုရှားနိုင်ငံသည် လက်ရှိတွင် ပြည်တွင်းစက်သုံးဆီ ပြတ်လပ်မှုဒဏ်ကို ရင်ဆိုင်နေရသဖြင့် အာရှနိုင်ငံများထံမှ ဓာတ်ဆီများကို ပင်လယ်ရေကြောင်းမှတစ်ဆင့် ပြန်လည်တင်သွင်းရန် ပြင်ဆင်နေရသည်ဟု ဆိုသည်။
ယူကရိန်း၏ ဒရုန်းတိုက်ခိုက်မှုများကြောင့် ရုရှားနိုင်ငံအတွင်းရှိ ရေနံချက်စက်ရုံများ၊ ပိုက်လိုင်းများနှင့် ဆီသိုလှောင်ကန် အများအပြား ပျက်စီးခဲ့ရပြီးနောက် အခုလို ဓာတ်ဆီပြတ်လပ်မှုနှင့် ကြုံတွေ့နေရခြင်း ဖြစ်ကြောင်း လုပ်ငန်းတွင်း သတင်းရင်းမြစ် ၄ ခုကို ကိုးကား၍ Reuters သတင်းဌာနက ဖော်ပြထားသည်။
အထူးသဖြင့် လတ်တလော တိုက်ခိုက်ခံခဲ့ရသည့် TANECO ရေနံချက်စက်ရုံနှင့် မော်စကို ရေနံချက်စက်ရုံတို့တွင် လည်ပတ်မှုများ ဆိုင်းငံ့လိုက်ရခြင်းက ဆီပြတ်လပ်မှုကို ပိုမိုဆိုးရွားစေခဲ့ခြင်း ဖြစ်သည်။ လက်ရှိတွင် ရုရှားပိုင် ခရိုင်းမီးယားဒေသ အပါအဝင် ဆိုက်ဘေးရီးယားရှိ ဒေသအချို့တွင် စက်သုံးဆီ ပြတ်လပ်နေကြောင်း တရားဝင် အတည်ပြုထားသလို၊ အခြားဒေသ ၁၂ ခုခန့်တွင်လည်း ဆီပြတ်လပ်မှုများ ရှိနေကြောင်း မီဒီယာများက ဖော်ပြသည်။
ရုရှားအစိုးရအနေဖြင့် နွေရာသီ ခရီးသွားလာမှု အမြင့်ဆုံးကာလတွင် ပြည်တွင်းဆီဖူလုံမှုရှိစေရန် လာမည့် ဇူလိုင်လကုန်အထိ ဓာတ်ဆီ ပြည်ပတင်ပို့မှုကို ပိတ်ပင်ထားသည်။
လုပ်ငန်းတွင်း သတင်းရင်းမြစ်များ၏ သုံးသပ်ချက်အရ အခုလို အာရှဘက်ကနေ ပင်လယ်ရေကြောင်းမှတစ်ဆင့် ဓာတ်ဆီပြန်လည် တင်သွင်းမည့်အစီအစဉ်သည် ကုန်သွယ်မှုလမ်းကြောင်း အခက်အခဲနှင့် ကုန်ကျစရိတ် မြင့်မားမှုများကြောင့် ရေရှည်အတွက် မဟုတ်ဘဲ ယာယီဖြေရှင်းသည့် နည်းလမ်းသာ ဖြစ်နိုင်ကြောင်း သိရသည်။ လွန်ခဲ့သည့် ၂၀၂၅ ခုနှစ်အတွင်းကမူ ရုရှားနိုင်ငံသည် တစ်ရက်လျှင် ရေနံစည်ပေါင်း ၁၁၇,၀၀၀ ခန့်နှင့် ညီမျှသည့် ဓာတ်ဆီတန်ချိန် ၅ သန်းနီးပါးအထိ ပြည်ပသို့ တင်ပို့ခဲ့သည့် နိုင်ငံ ဖြစ်သည်။