တရုတ်နိုင်ငံမြောက်ပိုင်းတွင် ကြက်ဥ ခန့် မိုးသီးများကျ၍ ကားများ၊ အဆောက်အဦးများ ပျက်စီး 

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၉ ရက်။ 

တရုတ်နိုင်ငံ မြောက်ပိုင်း၊ ဟီဘဲ့ပြည်နယ် (Hebei Province)၊ ကျန်ကျားခိုမြို့ (Zhangjiakou) တွင် ဇွန်လ ၁၆ ရက်နေ့က ပြင်းထန်သည့် မိုးသီးမုန်တိုင်း ကျရောက်ခဲ့သဖြင့် မော်တော်ယာဉ်များ၊ နေအိမ်များနှင့် အိုးအိမ်ပိုင်ဆိုင်မှုများ အကြီးအကျယ် ပျက်စီးဆုံးရှုံးခဲ့သည်။

မုန်တိုင်းအတွင်း ကြွေကျခဲ့သည့် မိုးသီးအချို့မှာ တစ်လုံးလျှင် အလေးချိန် ၆၅၀ ဂရမ် (၄၀ သားခန့်) အထိ ရှိပြီး၊ အဆိုပါ ကြက်ဥအရွယ်အစားခန့် မိုးသီးကြီးများ ကြွေကျသည့် ရုပ်သံဖိုင်များ လူမှုကွန်ရက်စာမျက်နှာများတွင် ပျံ့နှံ့လျက်ရှိသည်။

မိနစ် ၂၀ ခန့်သာ ကြာမြင့်ခဲ့သည့် အဆိုပါမုန်တိုင်းကြောင့် မော်တော်ယာဉ် လေကာမှန်များ ကွဲကြေကာ ကားဘော်ဒီများ ပိန်လိမ်ပျက်စီးခဲ့ပြီး လမ်းမများပေါ်တွင်လည်း ရေခဲတုံးများ ဖုံးလွှမ်းသွားခဲ့သည်။ 

တရုတ်နိုင်ငံမြောက်ပိုင်းတခွင်တွင် ပြင်းထန်သည့် မိုးတိမ်တောင်ကြောင့်ဖြစ်သော ရာသီဥတုဆိုးဝါးမှု ကြောင့် ယခုကဲ့သို့ မိုးသီးမုန်တိုင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မိုးလေဝသဌာနက ထုတ်ပြန်သည်။ 

အာဏာပိုင်များဘက်က မိုးသီးကြွေနိုင်ကြောင်း ကြိုတင်သတိပေးချက်များ ထုတ်ပြန်ခဲ့သော်လည်း မျှော်လင့်ထားသည်ထက် ပျက်စီးဆုံးရှုံးမှု ပမာဏ ကြီးမားခြင်းကြောင့် ဒေသခံများမှာ ထိတ်လန့်တုန်လှုပ်ခဲ့ကြရသည်။