စစ်ခေါင်းဆောင်၏ တရုတ်ခရီးစဉ်တွင် ခရိုနီနှင့် နယ်စပ်ဝန်ကြီးချုပ်များ ခေါ်သွားမှု ဝေဖန်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၉ ရက်။

စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်၏ တရုတ်နိုင်ငံခရီးစဉ်တွင် နယ်စပ်ဝန်ကြီးချုပ်နှစ်ဦးနှင့် ထိပ်သီး ခရိုနီကြီး များကို အလုံးအရင်းဖြင့် ခေါ်ဆောင်သွားပြီး ရပ်ဆိုင်းနေသည့် စီမံကိန်းများ ပြန်စရန် ကြိုးပမ်းမှုအပေါ် ဝေဖန်မှု များ ရှိနေသည်။

ဇွန်လ ၁၅ ရက်နေ့က စတင်သည့် ၅ ရက်ကြာ ခရီးစဉ်တွင် ကချင်ပြည် ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ရှမ်းပြည် ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးတို့ လိုက်ပါသွားကြသည်။ 

ထို့အပြင် ၎င်းတို့နှင့်အတူ Max မြန်မာ ဦးဇော်ဇော်၊ မြစ်ဆုံစီမံကိန်းတွင် ပါဝင်သည့် Asia World အုပ်စုမှ ဦးထွန်းမြင့်နိုင်၊ UMFCCI ဥက္ကဋ္ဌ ဦးအေးဝင်းနှင့် ရွှေသံလွင် ဦးကျော်ဝင်း အပါအဝင် ထိပ်သီးခရိုနီကြီးများ လိုက်ပါသွားခဲ့ကြခြင်း ဖြစ်သည်။

ခရီးစဉ်အတွင်း တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံကာ ကုန်သွယ်ရေးနှင့် အခြေခံအဆောက်အအုံဆိုင်ရာ သဘောတူညီချက် ၁၈ ခုကို လက်မှတ်ရေးထိုးခဲ့ကြပြီး၊ တရုတ်ဘက်ကလည်း ကျောက်ဖြူရေနက်ဆိပ်ကမ်း အပါအဝင် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (CMEC) စီမံကိန်းများကို ဆက်လက်တွန်းအားပေးရန် ပြောဆိုခဲ့သည်။ 

အဆိုပါ ခရီးစဉ်တွင် နယ်စပ်ဝန်ကြီးချုပ်နှစ်ဦးကို အဓိကထား ခေါ်ဆောင်သွားခြင်းမှာ တရုတ်၏ ရင်းနှီးမြှုပ်နှံမှု များကို ကာကွယ်ရန်နှင့် ဒေသတွင်း ပဋိပက္ခများအကြား ဖိအားပေးသည့် ဗျူဟာတစ်ခု ဖြစ်နိုင်ကြောင်း ကချင် အမျိုးသမီးအစည်းအရုံး – ထိုင်းနိုင်ငံ (KWAT) မှ ပြောရေးဆိုခွင့်ရှိသူ ဆန်ထွယ်က ပြောသည်။

ကချင်နဲ့ ရှမ်းပြည်က ဝန်ကြီးချုပ်တွေကို ခေါ်သွားတာကလည်း ဒီလုပ်ငန်းတွေကို အကောင်အထည် ဖော်ဖို့ အတွက်ကို သူတို့ ဒီကချင်ပြည်နယ် ဝန်ကြီးကိုလည်း Pressure ပေးတဲ့ ပုံစံမျိုးနဲ့ ခေါ်သွားတဲ့ပုံစံမျိုးနဲ့ ပိုပြီးမှ ဖြစ်မယ်လို့ နားလည်တယ်ပေါ့နော်။ Pressure ပေးမယ်ဆိုတာက ဒီကချင်ဒေသမှာ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှု တွေကို ကာကွယ်ပေးဖို့အတွက် ကချင်နဲ့ ကချင်ကြားထဲမှာ ပိုပြီးမှ ပဋိပက္ခတွေ ပွတ်တိုက်မှုတွေ ဖြစ်စေတဲ့ နည်းလမ်းလည်း ဖြစ်တယ်ပေါ့နော်။ ဒါက သူတို့ရဲ့ strategy လည်း ဖြစ်နိုင်တယ်။

ထို့ပြင် ကချင်ပြည်တွင် လူထုတွေ့ဆုံပွဲ ခေါင်းစဉ်များဖြင့် မြစ်ဆုံရေကာတာ စီမံကိန်း ပြန်လည်စတင်ရန် ဝန်ကြီးချုပ်ကိုယ်တိုင် လိုက်လံစည်းရုံးနေမှုကြောင့် လူထုကြား အမြင်ကွဲပြားမှုများ ရှိနေကြောင်းလည်း ၎င်းက ဆိုသည်။ 

တစ်ပြိုင်နက်တည်းတွင် ရှမ်းပြည်သည်လည်း ၁၀၂၇ စစ်ဆင်ရေးများကြောင့် နယ်စပ်ဂိတ်များ လက်လွှတ်ထား ရပြီး တရုတ်စီမံကိန်းအများစု ရပ်ဆိုင်းနေခြင်း ဖြစ်သည်။

မိုင်ထောင်ချီရှိသည့် တရုတ်-မြန်မာနယ်စပ်က ရှမ်းပြည်နှင့် ကချင်ပြည်အရေးသည် နိုင်ငံရေးနှင့် နယ်မြေတည် နေရာအရရော၊ မြေရှားသတ္တုနှင့် BRI ပိုးလမ်းမစီမံကိန်းများအရပါ တရုတ်နိုင်ငံအတွက် အလွန်အရေးပါ လှသည်။

သျှမ်းသံတော်ဆင့် သတင်းဌာန အယ်ဒီတာချုပ် ကိုစိုင်းမိဏ်းကလည်း ယခုခရီးစဉ်နှင့် ပတ်သက်၍ ဒီလာမယ့် ငြိမ်းချမ်းရေးမှာ မလွှဲမသွေပါရမယ့် ကိစ္စတွေ ဖြစ်တယ်။ ဒါကြောင့်မို့လို့ ဒီ ရှမ်းပြည်မြောက်ပိုင်းရဲ့ အရေးရော အခုနက ပြောတဲ့ ဒီ ကချင်ဖက်က အရေးတွေရော မြစ်ဆုံရေကာတာ ကိစ္စတွေ ပါလိမ့်မယ်။ နောက်ပြီး မြေရှား သတ္တုပေါ့နော်။ အဓိကကတော့ တရားဝင်အစိုးရ အသွင်ဖြစ်လာနေတော့ ဒီ တရားဝင်စာချုပ်ချုပ်ဖို့ တရားဝင် စီးပွားရေး လုပ်ငန်းလုပ်ဖို့ အဓိကပါပဲ ဒီခရီးစဉ်ကလေ။ မြေပြင်မှာရှိတဲ့ တကယ့် လူထုဘဝကတော့ ကြုံတွေ့ လာရတဲ့ ဒီလွတ်လပ်ရေး ရလာတဲ့နောက်ပိုင်း လူထုရဲ့ အကျိုးခံစားခွင့်က တောက်လျှောက်ဘာမှ မရှိခဲ့ဖူးဘူး။ ဒါကြောင့်မို့လို့ အခုသွားမယ့် ကိစ္စကလည်း လူထုရဲ့ အကျိုးစီးပွားအတွက်ကတော့ မျှော်ကိုးရာမဲ့တဲ့ အနေ အထားပဲ ဖြစ်နေတယ် ဟု သုံးသပ်ပြောဆိုသည်။

တရုတ်၏ စီးပွားရေးစင်္ကြံနှင့် BRI စီမံကိန်းများ မြေပြင်တွင် အမှန်တကယ် ဝင်ရောက်လာပါက စစ်တပ်ဘက်က စီမံကိန်းနယ်မြေများကို အဓမ္မသိမ်းပိုက်ခြင်းနှင့် လမ်းဖောက်ခြင်းများ ပိုမိုလုပ်ဆောင်လာနိုင်သည့် အခြေအနေ ရှိနေသည်။ 

ထို့ကြောင့် စစ်ခေါင်းဆောင်က ခရိုနီများနှင့် ဝန်ကြီးချုပ်များကို ကြားခံအသုံးချကာ စီမံကိန်းများ ပြန်စရန် ကြိုးပမ်းနေသော်လည်း ဒေသခံပြည်သူများအတွက်မူ အကျိုးခံစားခွင့်ထက် စိုရိမ်ပူပန်မှုများသာ ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက သုံးသပ်နေကြသည်။