တနင်္သာရီတွင် တိုက်ပွဲမဖြစ်ဘဲ ဂျိုင်ရိုကော်ပတာများဖြင့် ဗုံးကြဲတိုက်ခိုက်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ် ဇွန်လ ၂၆ ရက်။
တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားရာ နယ်မြေများသို့ စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျိုင်ရိုကော်ပတာ (Gyrocopter) များအသုံးပြုကာ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံရွာသားများက ပြောသည်။
ဇွန်လ ၂၅ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် တနင်္သာရီမြို့နယ်၊ ကော့မပြင်းကျေးရွာရှိ ဘောလုံးကွင်းအတွင်းသို့ စစ်တပ်က ဂျိုင်ရိုကော်ပတာ နှစ်စီးဖြင့် ဗုံးသီးများ လာရောက်ပစ်ချ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ကော့မပြင်းကျေးရွာသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသည့် နယ်မြေဖြစ်ပြီး၊ ၎င်းကျေးရွာအုပ်စုအတွင်း၌ စစ်တပ်၏ ကျောက်လုံးကြီးကျေးရွာအခြေစိုက် တပ်စခန်း တည်ရှိသည်။
လေကြောင်းတိုက်ခိုက်မှုနှင့် ပတ်သက်၍ အသက် ၅၀ ခန့်အရွယ် ကော့မပြင်းရွာသားတစ်ဦးက “ဗုံးသီးကျတဲ့ နေရာမှာ တွင်းက အနက်ကြီးဖြစ်ခဲ့ပေမဲ့၊ ရွာထဲမဟုတ်ဘဲ ကွင်းထဲကျလို့ လူတွေတော့ မထိခိုက်ပါဘူး။ ဒါပေမဲ့ ဒီပုံစံအတိုင်းသာ ဆက်သွားနေရင်တော့ ရွာသားတွေအနေနဲ့ ဗုံးခိုကျင်းတွေကို အခိုင်အမာဖြစ်အောင် ကြိုတင် ဆောက်ထားကြဖို့ လိုနေပြီ” ဟု ပြောသည်။
အလားတူ ဇွန်လ ၂၄ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲခန့်ကလည်း မြိတ်မြို့ဘက်မှ ပျံသန်းလာသည့် စစ်တပ်၏ ဂျိုင်ရို ကော်ပတာ နှစ်စင်းသည် တကူကျေးရွာအုပ်စုနှင့် တစ်ဆက်တည်းရှိသည့် ဘန်ကြုပ်ကျေးရွာအနီးသို့ ဗုံးသီး နှစ်လုံး လာရောက်ချခဲ့ကြောင်း၊ သို့သော်လည်း တောတောင်ထဲသို့ ကျရောက်ပေါက်ကွဲခဲ့သဖြင့် လူအထိအခိုက် မရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။
စစ်တပ်သည် တနင်္သာရီမြို့နယ်အတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့များ စိုးမိုးထားရာ နယ်မြေများကို ပြီးခဲ့သည့် မေလ မှစတင်ကာ အပေါ့စား ဂျိုင်ရိုကော်ပတာများအသုံးပြု၍ ကင်းထောက်ခြင်းနှင့် ဗုံးကြဲခြင်းများ ဆက်တိုက် ပြုလုပ်လာခဲ့သည်။
ပြီးခဲ့သည့် ဇွန်လ ၂၁ ရက်နေ့ကလည်း တနင်္သာရီမြို့နယ်အတွင်းရှိ ဖာနီကျေးရွာနှင့် လေးမိုင်ကျေးရွာတို့ကို စစ်တပ်က ဂျက်တိုက်လေယာဉ် နှစ်စီး၊ ဂျိုင်ရိုကော်ပတာ ၃ စီးတို့ဖြင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ သေးကြောင်း ဒေသခံများက ပြောသည်။