ရခိုင်တွင် ဆေးရုံများ ဗုံးကြဲခံရ၍ ဒဏ်ရာရလူနာများ ကုသရန် ခက်ခဲနေ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက်။

ရခိုင်ပြည် အတွင်းရှိ ဆေးရုံ၊ ဆေးခန်းများကို စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ဖျက်ဆီးနေသော ကြောင့် ဒဏ်ရာရရှိသူများအား ဆေးကုသပေးရန် အလွန်ခက်ခဲလာပြီး မသေသင့်ဘဲ သေဆုံးရသူများ ရှိလာနေ ကြောင်း ဒေသခံများနှင့် မြေပြင်ရှိ ကျန်းမာရေးဝန်ထမ်းများက ပြောသည်။

စစ်တပ်သည် ရခိုင်ဒေသရှိ ဆေးရုံ၊ ဆေးခန်းကြီးများကို လေကြောင်းမှ ပစ်မှတ်ထား တိုက်ခိုက်ဖျက်ဆီးထား သဖြင့် လက်ရှိတွင် တောစပ်များ၊ ဘုန်းကြီးကျောင်းများနှင့် အရပ်သားနေအိမ်များ၌ ယာယီဆေးပေးခန်းငယ်များ ဖွင့်လှစ်ကာ အရေးပေါ် ရွှေ့ပြောင်းကုသပေးနေရသည့် အခြေအနေ ဖြစ်နေသည်။

ထိုသို့ ယာယီနေရာများ၌ ကုသနေရခြင်းကြောင့် ဗုံးဆန်ထိမှန်သည့် လူနာများအနေဖြင့် ဆေးပေးခန်းများသို့ အချိန်မီရောက်ရှိရန် လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်း၊ ခွဲစိတ်ကုသရန် ကိရိယာနှင့် စက်ပစ္စည်း အပြည့်အစုံ မရှိခြင်း၊ ဆရာဝန်နှင့် ဆေးဝါးများ ရှားပါးခြင်း စသည့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်။

မြေပြင်တွင် ကုသပေးနေသည့် ဒေသခံဆရာဝန်တစ်ဦးက ရှင်းရှင်းပြောရရင် အခက်အခဲက မျိုးစုံပဲ။ မသေ သင့်ဘဲ သေရတာတွေရှိတယ်။ လမ်းပန်းဆက်သွယ်ရေးကြောင့် အချိန်မီ မရောက်နိုင်တာတွေ၊ ရှေ့မှာတင် ဆေးဝါးခက်ခဲလို့ ဖြစ်ရတာတွေ ရင်နှင့်မဆန့်ပါဘူး ဟု ပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ကျောက်တော်မြို့ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့ သူများ ထဲမှ လူနာနှစ်ဦး ထပ်မံသေဆုံးသွားသည့်အပြင် ဂွမြို့နယ်အတွင်းမှ ဒဏ်ရာရရှိသူများတွင်လည်း ဆေးဝါး ကုသခွင့်ရရှိရန် အခက်အခဲများနှင့် ကြုံတွေ့နေရသည်။

လက်ရှိ ဆေးကုသမှု ပေးနေရသည့် အခြေအနေနှင့် ပတ်သက်၍ အဆိုပါ ဒေသခံဆရာဝန်က တပ်တော် (AA) က လုပ်ပေးပါတယ်။ ဒါပေမယ့် စနစ်တကျ စစ်တပ်က ဖျက်ဆီးနေတော့ တော်တော်နဲ့ နလန်မထူဘူး ရွှေ့ပြောင်းပုံစံနဲ့ လိုက်ကုရတာတွေရှိတယ်။ ကျောက်တော်ဆေးရုံဆို အခုထိ ပြန်လည်ပတ်ဖို့ ခက်နေတုန်းပဲ ဟု ဆက် ပြောသည်။

လက်ရှိတွင် ဗုံးကြဲခံရမှုကြောင့် ပြင်းထန်ဒဏ်ရာရရှိထားသူများကို ကုသပေးနိုင်ရန် အရေးပေါ်ဆေးဝါးများနှင့် ခွဲစိတ်ကုသမှုဆိုင်ရာ ပံ့ပိုးမှုများ အထူးလိုအပ်နေသည်ဟု ဆိုသည်။

ထို့ပြင် ဒဏ်ရာရလူနာများ၏ ဆေးကုသစရိတ်နှင့် ရေရှည်အသက်ရှင်ရေးအတွက် ဒေသတွင်း လူငယ်အဖွဲ့ အစည်းများက အလှူငွေများ လိုက်လံကောက်ခံပေးနေရသဖြင့် ငွေကြေးထောက်ပံ့မှုများလည်း အရေးတကြီး လိုအပ်လျက်ရှိသည်။

ရခိုင်ဒေသတွင် ဇွန်လ ၁ ရက်နေ့မှ ဇွန်လ ၂၁ ရက်နေ့အထိ သုံးပတ်တာကာလအတွင်း စစ်တပ်၏ လေကြောင်း နှင့် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုများကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ ၁၄ ဦး သေဆုံးခဲ့ရပြီး ၃၆ ဦး ဒဏ်ရာရရှိခဲ့သည်။