မြို့ဝင်ဂိတ်အချို့ ဖျက်သိမ်းသော်လည်း တောင်ကြီးတွင် ငွေတောင်းဂိတ်များ ကျန်နေဆဲ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက်။

ရှမ်းပြည်၏ မြို့တော် တောင်ကြီးရှိ မြို့ဝင်စစ်ဆေးရေးဂိတ် အချို့ကို စစ်တပ်က ထပ်မံဖျက်သိမ်းလိုက်သော် လည်း ဒေသခံများနှင့် ယာဉ်မောင်းများအကြား ငွေညှစ်တောင်းခံမှု အများဆုံးဟု နာမည်ကြီးသည့် အဓိကဂိတ် များမှာမူ ဆက်လက်ကျန်ရှိနေဆဲဖြစ်ကြောင်း ဒေသခံယာဉ်မောင်းများက ပြောသည်။

ပြီးခဲ့သည့် ဇွန် ၂၆ ရက် ညနေပိုင်းမှစတင်ကာ တောင်ကြီးမြို့မြောက်ဘက် မြို့အဝင် ပလီလင်းဂိတ်နှင့် အေးသာ ယာမြို့မှ တောင်ကြီးမြို့သို့အတက် ထုံးဖိုစစ်ဆေးရေးဂိတ်တို့ကို အပြီးသတ်ဖယ်ရှား ရှင်းလင်းခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဂိတ်များဖယ်ရှားလိုက်ခြင်းကြောင့် လမ်းခရီးကြန့်ကြာမှု လျော့နည်းသွားသော်လည်း အဓိကကျသည့် လမ်းပိုင်းများတွင် ငွေတောင်းခံမှုများ ရှိနေဆဲဖြစ်ကြောင်း တောင်ကြီးမြို့တွင်း တက္ကစီမောင်းနှင်သူတစ်ဦးက ပြောသည်။

အားလုံးဖြုတ်လိုက်ပြီ။ Slow Down (အရှိန်လျှော့အတားအဆီး) တွေရော ဘာမှမကျန်တော့ဘူး။ ဂိတ်ဖြုတ် လိုက်တော့ အရင်လို ကားတန်းရှည်တွေ မစောင့်ရတော့ဘူး။ အဲဒါကောင်းတယ်။ အားလုံးဖြုတ်တာတော့ မဟုတ်ဘူး။ ဟိုပုံးလမ်းက ဂိတ်တွေတော့ ကျန်နေတုန်းပဲ။ အဲဒီဂိတ်က PNO ရော၊ ဌာနဆိုင်ရာတွေရော အကုန် ချထားတာ။ သူတို့ဂွင်ပဲ။ ရှမ်းရှေ့နဲ့ ရှမ်းမြောက်က ကားသမားတွေ အဓိက ခံရတယ်။

လက်ရှိတွင် ဂိတ်အချို့ကို ဖျက်သိမ်းလိုက်သော်လည်း လုံခြုံရေးယူထားသည့် ရဲတပ်ဖွဲ့နှင့် ယာဉ်ထိန်းရဲများ ကျန်ရှိနေသေးသည့်အပြင်၊ မြို့တောင်ဘက်ရှိ ငွေညှစ်တောင်းခံမှု သတင်းကြီးသည့် ‘၄ မိုင် ပူးပေါင်းဂိတ်’ မှာ လည်း ဖျက်သိမ်းမှုတွင် ပါဝင်ခြင်းမရှိသေးကြောင်း ဆိုသည်။ 

ထို့ပြင် ယာဉ်မောင်းများအတွက် အမှန်တကယ် အခက်အခဲဖြစ်စေပြီး ဖယ်ရှားရန် လိုအပ်နေသည့် မိုင်းပွန် စစ်ဆေးရေးဂိတ်သည်လည်း ဆက်လက်ရှိနေပြီး ယခင်ထက် ပိုမိုကာ ငွေကြေးတောင်းခံမှုများနှင့် ရင်ဆိုင်နေရ သည်ဟု ဆိုသည်။

အဆိုပါ ဖျက်သိမ်းလိုက်သည့် စစ်ဆေးရေးဂိတ်များကို လက်ရှိစစ်ရေးပဋိပက္ခ ပြင်းထန်နေသော ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ (ရွာငံနှင့် ပင်းတယမြို့နယ်) များသို့ ပြောင်းရွှေ့ဖွင့်လှစ်ရန် စီစဉ်နေကြောင်း သတင်းများ ထွက်ပေါ်နေသဖြင့် လမ်းခရီး၌ ငွေကြေးထပ်မံတောင်းခံရမည်ကို ဒေသတွင်းယာဉ်မောင်းများက စိုးရိမ်ပူပန်နေ ကြသည်။

စစ်တပ်အနေဖြင့် ၎င်းတို့၏ ရက် ၁၀၀ စီမံကိန်းအတွင်း တောင်ကြီးမြို့မှ ရှမ်းမြောက်နှင့် ရှမ်းရှေ့ဒေသများသို့ ဆက်သွယ်ထားသည့် လမ်းတစ်လျှောက်ရှိ ဂိတ်ပေါင်း ၂၀ အနက် ၄ ဂိတ်ကို မကြာသေးမီက ဖျက်သိမ်းခဲ့ ပြီးနောက် ယခုကဲ့သို့ တောင်ကြီးမြို့ဝင်ဂိတ်များကို ထပ်မံဖယ်ရှားခဲ့ခြင်း ဖြစ်သည်။

လက်ရှိ ကျန်ရှိနေသေးသော စစ်ဆေးရေးဂိတ်များတွင် တရားမဝင်သွင်းကုန်များနှင့် မူးယစ်ဆေးဝါး စစ်ဆေး ခြင်းကို အကြောင်းပြကာ ကုန်သည်တစ်ဦးလျှင် အနည်းဆုံး ငွေကျပ်သိန်းဆယ်ဂဏန်းအထိ ပေးဆောင်နေရ ကြောင်း ကုန်သည်အသိုင်းအဝိုင်းက ဆိုသည်။