အိန္ဒိယနှင့် ဂျပန် ဉာဏ်ရည်တု (AI)၊ သတ္တုနှင့် စွမ်းအင်ကဏ္ဍဆိုင်ရာ သဘောတူညီချက်များ လက်မှတ်ရေးထိုး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၃ ရက်။ 

အာရှဒေသတွင်း နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုခိုင်မာစေရန် ရည်ရွယ်၍ အိန္ဒိယနှင့် ဂျပန်နိုင်ငံတို့သည် ဉာဏ်ရည်တု (AI)၊ သတ္တု၊ စွမ်းအင်နှင့် ကာကွယ်ရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်နှင့် စီးပွားရေးလုံခြုံမှုဆိုင်ရာ ပူးတွဲလမ်းပြမြေပုံတစ်ရပ် ရေးဆွဲရန် ကြာသပတေးနေ့က သဘောတူညီခဲ့ကြသည်။

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့သို့ သုံးရက်ကြာ ခရီးစဉ်အဖြစ် ရောက်ရှိနေသည့် ဂျပန်ဝန်ကြီးချုပ် ဆာနိုင်း တာကာအီချီ (Sanae Takaichi) နှင့် အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာ မိုဒီ (Narendra Modi) တို့ ဆွေးနွေးပွဲပြုလုပ်ပြီးနောက် အဆိုပါ သဘောတူညီချက်များကို လက်မှတ်ရေးထိုးခဲ့ကြခြင်း ဖြစ်သည်။

ဆွေးနွေးပွဲအပြီးတွင် ဂျပန်ဝန်ကြီးချုပ် တာကာအီချီက သတင်းထောက်များသို့ ပြောကြားရာ၌ ဂျပန်နှင့် အိန္ဒိယနိုင်ငံတို့သည် အပြန်အလှန် အားသာချက်များကို အသုံးချ၍ အတူတကွ ခိုင်မာတောင့်တင်းပြီး သာယာဝပြောအောင် ဆောင်ရွက်သွားမည်ဟု ပြောသည်။ 

ယခုခရီးစဉ်သည် ပြီးခဲ့သည့်နှစ်က ဝန်ကြီးချုပ် မိုဒီ ဂျပန်နိုင်ငံသို့ သွားရောက်ခဲ့သည့် ခရီးစဉ်၏ အဆက်ဖြစ်သည်။ 

အဆိုပါခရီးစဉ်အတွင်း ဂျပန်နိုင်ငံက လာမည့်ဆယ်စုနှစ်အတွင်း အိန္ဒိယနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှုပမာဏကို ဒေါ်လာ ၆၁ ဘီလီယံကျော်အထိ နှစ်ဆထက်မက တိုးမြှင့်သွားရန် ကတိပြုထားခဲ့သည်။ 

အိန္ဒိယအစိုးရ၏ အချက်အလက်များအရ ၂၀၂၅/၂၆ ဘဏ္ဍာရေးနှစ်တွင် နှစ်နိုင်ငံကုန်သွယ်မှုပမာဏမှာ ဒေါ်လာ ၂၇.၅ ဘီလီယံအထိ ရှိခဲ့ပြီး၊ ၂၀၂၅ ခုနှစ် ဧပြီလမှ ဒီဇင်ဘာလအတွင်း အိန္ဒိယနိုင်ငံ၌ ဂျပန်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုမှာ ဒေါ်လာ ၃.၂ ဘီလီယံ ရှိနေခဲ့သည်။ 

နိုင်ငံခေါင်းဆောင်နှစ်ဦးသည် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ စီးပွားရေးလုံခြုံမှု၊ စွမ်းအင်၊ အသစ် ထွက်ပေါ်လာသည့် နည်းပညာသစ်များ၊ ကာကွယ်ရေးနှင့် ပြည်သူအချင်းချင်း ကူးလူးဆက်ဆံရေး အပါအဝင် အိန္ဒိယ-ဂျပန် ဆက်ဆံရေးကဏ္ဍစုံကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ 

ထို့ပြင် နှစ်ဦးနှစ်ဖက်စလုံးက စီးပွားရေးလုံခြုံမှု၊ စွမ်းအင်ကြံ့ကြံ့ခံနိုင်မှုနှင့် AI တို့နှင့်စပ်လျဉ်း၍ ထူးခြားထင်ရှားသော မှတ်တမ်းစာတမ်း ၃ စောင်ကို အတည်ပြုခဲ့ကြသည်။

ထို့အပြင် ကွာ့ဒ် (Quad) အဖွဲ့ဝင်နိုင်ငံများဖြစ်ကြသည့် အိန္ဒိယနှင့် ဂျပန်တို့သည် ကာကွယ်ရေးကဏ္ဍ၌ ပထမဆုံးအကြိမ်အဖြစ် စစ်လက်နက်ပစ္စည်းများကို ပူးတွဲတီထွင်ထုတ်လုပ်မည့် (Co-development Project) သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြကြောင်း မိုဒီက ပြောကြားခဲ့သည်။ 

အဆိုပါ Quad အဖွဲ့တွင် အမေရိကန်နှင့် ဩစတြေးလျတို့လည်း ပါဝင်ပြီး၊ အင်ဒို-ပစိဖိတ်ဒေသတွင်း တရုတ်နိုင်ငံ၏ ဩဇာလွှမ်းမိုးမှု မြင့်တက်လာခြင်းကို တုံ့ပြန်ရန် ဖွဲ့စည်းထားသည့် မဟာမိတ်အဖွဲ့အဖြစ် လူသိများသည်။

ဂျပန်နိုင်ငံသည် အိန္ဒိယနိုင်ငံ၏ အကြီးမားဆုံး ရင်းနှီးမြှုပ်နှံသူများအနက် တစ်ဦးဖြစ်ပြီး၊ မွမ်ဘိုင်းနှင့် အာမက်ဒါဘတ် မြို့ကြီးနှစ်မြို့ကြား ပြေးဆွဲမည့် ကျည်ဆန်ရထားလမ်း စီမံကိန်းကဲ့သို့သော အဓိက အခြေခံအဆောက်အအုံ စီမံကိန်းများကို ပံ့ပိုးကူညီလျက်ရှိသည်။ 

ထို့ပြင် ဂျပန်ကုမ္ပဏီများသည် အိန္ဒိယကုမ္ပဏီများတွင်လည်း ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်လျက်ရှိရာ မကြာသေးမီကပင် အိန္ဒိယနိုင်ငံ Yes Bank ၏ ရှယ်ယာ ၂၀ ရာခိုင်နှုန်းကို ဒေါ်လာ ၁.၆ ဘီလီယံဖြင့် ဝယ်ယူခဲ့သည်။ 

ဝန်ကြီးချုပ် တာကာအီချီ၏ ခရီးစဉ်တွင် အဆင့်မြင့် စီးပွားရေးလုပ်ငန်းရှင်အဖွဲ့ကြီးလည်း လိုက်ပါလာပြီး၊ ကြာသပတေးနေ့ နှောင်းပိုင်းတွင် ကျင်းပမည့် စီးပွားရေးညီလာခံ၌ မိန့်ခွန်းပြောကြားရန် အစီအစဉ်ရှိသည်ဟု ဆိုသည်။