NATO ထိပ်သီးအစည်းအဝေး မတိုင်မီ တင်းမာမှုများ မြင့်တက်နေ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၆ ရက်။
ယခုတစ်ပတ်အတွင်း တူရကီနိုင်ငံတွင် ကျင်းပမယ့် NATO (မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့) ထိပ်သီးအစည်းအဝေးပွဲသည် တင်းမာမှုများနှင့် စိန်ခေါ်မှုများ ပြည့်နှက်နေသည်ဟု အမေရိကန်လူထုဝန်ဆောင်မှု မီဒီယာဖြစ်သည့် PBS က သတင်းထုတ်ပြန်ထားသည်။
တစ်ဖက်တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ တောင်းဆိုမှုများ ပိုမိုမြင့်တက်လာနေသကဲ့သို့ အစည်းအဝေးကျင်းပမည့် တူရကီနိုင်ငံအတွင်း၌လည်း နေတိုးဆန့်ကျင်ရေး ဆန္ဒပြပွဲများ ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိသည်။
NATO အတွင်းရေးမှူးချုပ် မာ့ခ် ရုတ္တေ (Mark Rutte) သည် ၎င်းရာထူးစတင်ထမ်းဆောင်ချိန်မှစ၍ အမေရိကန်ပြည်ထောင်စု အဖွဲ့မှ နုတ်ထွက်မသွားစေရန် သမ္မတထရမ့်ကို နည်းမျိုးစုံဖြင့် ချဉ်းကပ်ခဲ့ရသည်။
အဖွဲ့ဝင်နိုင်ငံများ စစ်စရိတ် လုံလောက်စွာ မသုံးစွဲမှုအပေါ် သမ္မတထရမ့်က ပြဿနာရှာခဲ့ခြင်းကြောင့် မနှစ်က ထိပ်သီးအစည်းအဝေးတွင် ဥရောပနိုင်ငံများက စစ်စရိတ်များ တိုးမြှင့်သုံးစွဲခဲ့ကြသော်လည်း၊ လက်ရှိတွင် သမ္မတထရမ့်က အမေရိကန်နှင့် အစ္စရေးတို့ ပူးပေါင်းစတင်ခဲ့သည့် အီရန်စစ်ပွဲတွင် နေတိုးမဟာမိတ်များ ပါဝင်လာခြင်းမရှိမှုအပေါ် စိတ်ပျက်ကြောင်း ဖော်ပြခဲ့သည်။
အမေရိကန်အနေဖြင့် မဟာမိတ်များထံမှ “သစ္စာစောင့်သိမှု” (Loyalty) ကိုသာ လိုလားကြောင်း ပြောကြားခဲ့သည်။ ထ
ထို့အပြင် အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်ကလည်း ဥရောပတိုက် တိုက်ခိုက်ခံရပါက ကူညီမည့် စစ်သည်အင်အားနှင့် စစ်လက်နက်ပစ္စည်းများကို လျှော့ချမည်ဟု ကြေညာထားသဖြင့် ရုရှား၏ ခြိမ်းခြောက်မှုကို ရင်ဆိုင်နေရသော ဥရောပနိုင်ငံများအကြား စိုးရိမ်ပူပန်မှုများ မြင့်တက်လျက်ရှိသည်။
အင်္ဂါနှင့် ဗုဒ္ဓဟူးနေ့တို့တွင် ကျင်းပမည့် NATO ထိပ်သီးအစည်းအဝေး မတိုင်မီ တနင်္ဂနွေနေ့က တူရကီကွန်မြူနစ်ပါတီ (TKP) နှင့် လက်ဝဲအုပ်စုများသည် မြို့တော်အန်ကာရာနှင့် အစ္စတန်ဘူလ်မြို့ကြီးများတွင် နေတိုးဆန့်ကျင်ရေး ဆန္ဒပြပွဲများ ပြုလုပ်ခဲ့ကြသည်။
အန်ကာရာမြို့လယ် ဆန္ဒပြပွဲအား ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးများအသုံးပြု၍ လူစုခွဲခဲ့ပြီး ပါတီဝင်နှင့် တာဝန်ရှိသူ ၁၀၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းခဲ့ရသည်။