ထိုင်းနိုင်ငံ၌ ကျင်းပမည့် Tomorrowland ဂီတပွဲတော် လက်မှတ်အားလုံးရောင်းကုန်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၈ ရက်။ 

လာမည့် ဒီဇင်ဘာလတွင် ထိုင်းနိုင်ငံ၊ ချွန်ဘူရီ (Chon Buri) ၌ ၃ ရက်တိုင်တိုင် ကျင်းပမည့် Tomorrowland ဂီတပွဲတော်အတွက် ရောင်းချခဲ့သည့် လက်မှတ်ပေါင်း ၁၅၀,၀၀၀ (တစ်ရက်လျှင် ၅၀,၀၀၀ နှုန်း) စလုံး မကြာမီအချိန်အတွင်း အားလုံးရောင်းချပြီးစီးသွားပြီဖြစ်ကြောင်း ထိုင်းကမ္ဘာလှည့်ခရီးသွားနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သည်။

ထိုင်းအစိုးရ၏ ခန့်မှန်းချက်အရ ယခုပွဲတော်မှ ဘတ် ၆ ဘီလီယံခန့် စီးပွားရေးအကျိုးအမြတ် ရရှိမည်ဖြစ်သည်။ ထိုင်းနိုင်ငံသည် Tomorrowland ပွဲတော်အား ၅ နှစ်ဆက်တိုက် အိမ်ရှင်အဖြစ် ကျင်းပရန် စာချုပ်ချုပ်ဆိုထားသဖြင့် ၅ နှစ် အတွင်း အနည်းဆုံး ဘတ်ငွေ ၃၀ ဘီလီယံအထိ တိုင်းပြည်အတွင်း စီးပွားရေးစီးဝင်လာမည်ဟု တွက်ချက်ထားသည်။ 

လက်မှတ်ဝယ်ယူသူများ၏ ၈၅ ရာခိုင်နှုန်းသည် နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွားများဖြစ်ပြီး ထိုင်းနိုင်ငံသားမှာ ၁၅ ရာခိုင်နှုန်းသာရှိကာ၊ ၎င်းတို့အနက် ဘတ်တစ်သိန်းခွဲအထက် တန်ဖိုးရှိသည့် VIP Package လက်မှတ်များလည်း အားလုံးရောင်းကုန်ခဲ့ပြီ ဖြစ်သည်။

နိုင်ငံခြားသားခရီးသွားများသည် ပွဲတော်အပြီးတွင်လည်း ထိုင်းနိုင်ငံ၌ ရက်ရှည်ဆက်လက်လည်ပတ် တည်းခိုကြမည်ဖြစ်သည်။ အဆိုပါပွဲတော် ပြင်ဆင်မှုနှင့် ကျင်းပမှုကာလအတွင်း ဒေသခံများအတွက် အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၄,၀၀၀ ခန့် ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း၊ အစိုးရအနေဖြင့် ခရီးသည်များ ဘေးကင်းချောမွေ့စေရန် ကြိုပို့ Bus ကားများနှင့် အများပြည်သူသယ်ယူပို့ဆောင်ရေးစနစ်များကို အဆင့်မြှင့်တင်ပေးမည့်အပြင်၊ ရဲတပ်ဖွဲ့ဝင်များနှင့် စေတနာ့ဝန်ထမ်း အင်အားအပြည့်ဖြင့် လုံခြုံရေးအထူးစီမံချက်များ ချမှတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထိုင်း အာဏာပိုင်များက ပြောထားသည်။