မန္တလေး မြစ်ကြီးနားလမ်း ရက်ရှည်ပိတ်ဆို့မှုကြောင့် ကုန်စည်များ ပုပ်သိုးပျက်စီး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်။

မန္တလေး – မြစ်ကြီးနား ပြည်ထောင်စု လမ်းမကြီးပေါ်တွင် တိုက်ပွဲများကြောင့် ကုန်တင်ယာဉ်များနှင့် ခရီးသည် တင်ယာဉ် ရာနှင့်ချီ၍ ရက်ရှည်ပိတ်မိနေသဖြင့် သယ်ဆောင်လာသည့် စားသောက်ကုန်နှင့် ဟင်းသီးဟင်းရွက် များမှာ ပုပ်သိုးပျက်စီးဆုံးရှုံးလျက် ရှိသည်ဟု ဒေသခံများက ပြောသည်။

ဇွန်လ ၃၀ ရက်မှ စတင်ကာ နဘား – ကသာလမ်းပိုင်း အပါအဝင် လမ်းကြောင်းအများအပြား ပိတ်ထားရခြင်း ကြောင့် ကုန်တင်ကားများမှာ ရှေ့ဆက်မသွားနိုင်ဘဲ လမ်းဘေးတွင် ရပ်နားစောင့်ဆိုင်းနေရသည်။ 

ပိတ်မိနေသည့် ကားတန်းများမှာ ကီလိုမီတာများစွာ ရှည်လျားနေပြီး မောင်းကုန်း၊ မြတောင်၊ သာဂေရနှင့် ကလုံဘက်တို့တွင် အများဆုံး ပိတ်မိနေသည်။

ပိတ်မိနေသော ကုန်တင်ကားများအနက် မုန်လာထုပ်၊ ဂေါ်ဖီနှင့် ဟင်းသီးဟင်းရွက်များမှာ နေပူဒဏ်ကြောင့် ပုပ်သိုးပြီး အနံ့အသက်များ ထွက်ပေါ်နေသည်။

ဒေသခံတစ်ဦးက မုန်လာထုပ်တွေဆိုလည်း ပုပ်တဲ့အနံ့တွေခံနေရလို့ လေတောင်ရှုမဝဘူး။ အသားငါးတွေ က တော့ ဖောက်မရောင်းသေးဘူး။ သူက ပင်လယ်စာတွေရောပါတယ်လို့ ကြားတာကို အဲ့ဒါဆိုတော့ အသားငါး တွေတော့ ဖောက်မရောင်းဘူး။ အအေးပေးစက်တွေကတော့ အချိန်ပြည့်နိုးတယ်။ အသံကြားတာပေါ့။ ဒီကို မလာခင် တုန်းက ကားလမ်းဘက်မှာလေ ဟု ပြောသည်။

အသား၊ ငါးနှင့် ပင်လယ်စာ တင်ဆောင်လာသည့် ကုန်တင်ကားများမှာ အအေးပေးစက်များ ဆက်လက်လည် ပတ်ထားသော်လည်း လမ်းပိတ်သည့်ကာလ ကြာမြင့်လာပါက ပစ္စည်းများ ပျက်စီးနိုင်ခြေ မြင့်တက်လျက်ရှိ သည်။ 

ဇက်ဆိပ်များပါ ပိတ်ထားသဖြင့် အခြားလမ်းကြောင်းများသို့ ပြောင်းလဲသွားလာနိုင်ခြင်း မရှိသောကြောင့် ကုန်သည်များနှင့် ယာဉ်မောင်းများမှာ အကြီးအကျယ် စီးပွားရေး ထိခိုက်မှုများနှင့် ရင်ဆိုင်နေရသည်။

ဒေသခံတစ်ဦးက လမ်းပိုင်းမှာပဲမဟုတ်ဘူး။ မောင်းကုန်းအရှေ့မှာကို ကားက ရာကျော်ပဲပိတ်မိနေတာ။ အရှေ့ဘက်ရိုးဆို မြတောင်ရယ်၊ မောင်းကုန်းရယ်။ အနောက်ဘက်ရိုးဆို သာဂေရ၊ ကလုံဘက်မှာ အများဆုံး။ ဇက်ကူးဖို့လုပ်ထားတဲ့ ကားတွေ၊ ဇက်ဆိပ်တွေကလည်း ပိတ်ထားတော့ သူတို့ ဟိုလည်းမသွားတတ်ဘူး၊ ဒီလည်းမသွားတတ်ဘူး။ သာဂေရနဲ့ ကလုံမှာပဲ ပိတ်မိနေကြတာ ဟု ပြောသည်။

လက်ရှိတွင် ကသာ-နဘားလမ်းပိုင်း၊ အင်းတော်၊ မော်လူးနှင့် နဘားဝန်းကျင်တို့၌ တိုက်ပွဲများနှင့် လုံခြုံရေး အခြေအနေများကြောင့် ယာဉ်သွားလာမှု အခက်အခဲများ ဆက်လက်ရှိနေသည်။ 

မန္တလေး – မြစ်ကြီးနားလမ်းသည် ကချင်ပြည်အတွက် အဓိကကုန်စည် ပို့ဆောင်ရေး လမ်းကြောင်းဖြစ်သည့် အတွက် လမ်းပိတ်ဆို့မှုများ ဆက်လက်ဖြစ်ပေါ်ပါက ဒေသတွင်း ကုန်စည်စီးဆင်းမှုနှင့် ကုန်ဈေးနှုန်းများအပေါ် ဆိုးရွားစွာ သက်ရောက်မှုများ ရှိလာနိုင်ကြောင်း ကားသမားများနှင့် ကုန်သည်လုပ်ငန်းရှင်များက ပြောသည်။