လားရှိုးတွင် ရှော့တိုက်ဒုံး ၄ လုံး ကျရောက်ပေါက်ကွဲ၍ မြို့ခံများ စိုးရိမ်နေ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနစ်၊ ဇူလိုင်လ ၁၀ ရက်။
ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့တွင် ရှော့တိုက်ဒုံး ၄ လုံး ကျရောက်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီးနောက် မြို့တွင်း လုံခြုံရေးများ တင်းကြပ်ထားသလို ဒေသခံပြည်သူများမှာလည်း တိုက်ပွဲများ ထပ်မံဖြစ်ပွားလာမည်ကို စိုးရိမ်နေ ကြသည်။
ပေါက်ကွဲမှုဖြစ်ပြီးနောက် မြို့အဝင်အထွက်လမ်းများကို စစ်တပ်က လုံခြုံရေး တင်းကြပ်စစ်ဆေးနေပြီး၊ တိုက်ပွဲ များ ထပ်မံဖြစ်ပွားလာမည်ကို စိုးရိမ်သဖြင့် မြို့ခံအချို့မှာ စက်သုံးဆီများကို တန်းစီဝယ်ယူနေကြသည်။
ထို့ပြင် ကလေးငယ်များကိုလည်း ကျောင်းမပို့ဘဲ အခြေအနေကို စောင့်ကြည့်နေကြသလို မြို့ပေါ်ရှိ တရုတ် လူမျိုး အချို့မှာလည်း ဘေးလွတ်ရာသို့ ပြောင်းရွှေ့မှုများ ရှိနေသည်။
ဇူလိုင်လ ၉ ရက်နေ့ ညနေ ၄ နာရီမှ ၅ နာရီဝန်းကျင်အတွင်း ရပ်ကွက် ၆၊ ၇၊ ၉ နှင့် ၁၀ တို့အပြင် အရှေ့မြောက် တိုင်း စစ်ဌာနချုပ် (ရမခ) အနီးသို့ ဒုံးကျည်များ ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။
မြို့ခံတစ်ဦးက “မနေ့က ညနေက ဖြစ်တာပါ။ ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ခံရတယ်ဆိုတာ မှန်ပါတယ်ဗျ။ ညနေ ၄ နာရီကျော် ၅ နာရီဝန်းကျင်မှာ လားရှိုးမြို့ထဲက ရပ်ကွက် ၆၊ ၉၊ ၁၀ နဲ့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) တို့ကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံခဲ့ရတာပါ။ ပစ်ခတ်မှု ဖြစ်ပြီးနောက်မှာတော့ မြို့အဝင်အထွက်တွေကို စစ်တပ်က လုံခြုံရေး တင်းကြပ်ထားလိုက်တယ်ဆိုတာလည်း မှန်ပါတယ်ဗျာ” ဟု ပြောသည်။
ပေါက်ကွဲမှုကြောင့် ရပ်ကွက် ၁၀ မှ အသက် ၃၅ နှစ်အရွယ် အမျိုးသမီးတစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး ရပ်ကွက် ၆ မှ အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့သည်။ သေဆုံးသူ၏ ရုပ်အလောင်းကို ဇူလိုင်လ ၁၀ ရက်နေ့တွင် သင်္ဂြိုဟ်ရန် စီစဉ်ထားသည်။
စစ်တပ်က လားရှိုးမြို့တွင်း ရပ်ကွက် ၁၂ ခုကိုသာ စိုးမိုးထားနိုင်ပြီး မြို့ပြင်ဘက်များကို ကိုးကန့်တပ် (MNDAA) က ထိန်းချုပ်ထားသည်။
လားရှိုး – သီပေါ – မိုင်းရယ်လမ်းကို ပြန်လည်စိုးမိုးနိုင်ရန် နှစ်ဖက်တပ်ဖွဲ့များအကြား ညှိနှိုင်းမှုများ မကြာခဏ ရှိနေကြောင်း ရှမ်းမြောက်အရေး ကျွမ်းကျင်သူ လားရှိုးမြို့ခံတစ်ဦးက ပြောသည်။
“လားရှိုးမြို့ထဲက ရပ်ကွက် ၁၂ ခုထဲမှာသာ စစ်တပ်က စိုးမိုးနိုင်ပြီး လားရှိုးမြို့ပြင်ဘက်တွေကိုတော့ ကိုးကန့် တပ်က ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။ လားရှိုး – သီပေါ – မိုင်းရယ်လမ်းကိုလည်း ပြန်စိုးမိုးခွင့်ရဖို့ စစ်တပ်နဲ့ ကိုးကန့်တပ်တို့ မကြာခဏ ညှိနှိုင်းတာတွေ ရှိနေပါတယ်” ဟု ၎င်းက ပြောသည်။
ထို့ပြင် ကိုးကန့်တပ် ထိန်းချုပ်ထားသော နယ်စပ်ကုန်သွယ်ရေးစခန်းများမှ လာသည့် တရုတ်ပစ္စည်း ကုန်ကား များကို ‘တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ရက် ၁၀၀ စီမံချက်’ ဖြင့် လားရှိုးမြို့ထဲသို့ ဝင်ခွင့်မပြုခြင်းများ လည်း ရှိနေသည်။
၂၀၂၄ ခုနှစ် သြဂုတ်လတွင် ကိုးကန့်တပ် (MNDAA) က လားရှိုးကို သိမ်းပိုက်ခဲ့ပြီးနောက် ၂၀၂၅ ခုနှစ် ဧပြီလတွင် တရုတ်အစိုးရ၏ ညှိနှိုင်းမှုဖြင့် စစ်တပ်က ပြန်လည်ထိန်းချုပ်ခဲ့ခြင်းဖြစ်သည်။
စစ်တပ် ပြန်လည်ဝင်ရောက်ပြီးနောက်ပိုင်း ယခုကဲ့သို့ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခံရမှု ၃ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီးဖြစ်သည်။ ဒေသခံများကမူ အဆိုပါ ရှော့တိုက်ဒုံးများကို မြို့ရှောင်လမ်းရှိ ဆင်တောင်ဘက်မှ ပစ်ခတ်ခြင်း ဖြစ်နိုင်ကြောင်း ခန့်မှန်းနေကြသည်။